လိပ်ကျွန်းစီရင်ချက် ထိုင်းရောက် မြန်မာသံအမတ်ကြီး လက်ခံဟုဆို

လိပ်ကျွန်းစီရင်ချက် ထိုင်းရောက် မြန်မာသံအမတ်ကြီး လက်ခံဟုဆို

ပြီးခဲ့သည့်နှစ်က လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲအား သတ်ဖြတ်မှုဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအား အပြစ်ရှိသည်ဆိုကာ သေဒဏ်ချမှတ်ခြင်း စီရင်ခံချက်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးက လက်ခံသည်ဟု ဒီဇင်ဘာ ၂၅ ရက်က ပြောခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဒီဇင်ဘာ ၂၆ ရက်က ဖော်ပြထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ စီရင်ချက်က နှစ်နိုင်ငံကြားက ဆက်ဆံရေးကို သက်ရောက်မှုရှိလိမ့်မည်မဟုတ်ဟု သံအမတ်ကြီး ဦးဝင်းမောင်က အခိုင်အမာပြောကြားခဲ့သည်။

ထိုင်းတရားရုံး၏ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား သေဒဏ်စီရင်ချက်ချခြင်းနှင့် ပတ်သက်ကာ ထိုင်းသံရုံးရှေ့တွင် ဒီဇင်ဘာ ၂၅ ရက်က လူရာပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြလျက်ရှိစဉ် ဦးဝင်းမောင်က ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခြင်းဖြစ်သည်။

မြန်မာရွှေ့ပြောင်းလုပ်သား အသက် ၂၂ နှစ်စီရှိ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံ ဆူရတ်ဌာနီရှိ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ မီလာအား သတ်ဖြတ်ကာ ဟန်နာအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့မှုဖြင့် ဒီဇင်ဘာ ၂၄ ရက်က ထိုင်းတရားရုံးက သေဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။

“ဘယ်သူမဆို သေဒဏ်စီရင်ချက်ကျရင် ဝမ်းနည်းကြမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ဥပဒေအရ တရားစီရင်တာပဲဖြစ်တယ်။ ဒါကြောင့် တရားစီရင်ထုံးကို ကျွန်တော်တို့က လေးစားလိုက်နာရမှာဖြစ်ပါ တယ်။”ဟု ဦးဝင်းမောင်က အစိုးရအိမ်တော်တွင် ဒီဇင်ဘာ ၂၅ ရက်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းအစိုးရကိုယ်စား ဝန်ကြီးချုပ်ရုံး ဝန်ကြီး Panadda Diskul နှင့် အမြဲတမ်းအတွင်းဝန် Aek Angsananont တို့၏ ရေဘေးကယ်ဆယ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁၁၈၇၉ (ဘတ်ငွေ ၄၃၀၆၁၀) ပေးအပ်မှုကို ဦးဝင်းအောင်က လက်ခံခဲ့ခြင်းဖြစ်သည်။

“Pannada ကို ကျွန်တော် ပြောခဲ့ပါတယ်။ နှစ်နိုင်ငံကြား ဆက်ဆံရေးကို တည်ထောင်သွားဖို့ပါ။ အခုအမှုကို ထိုင်းအစိုးရက မှန်မှန်ကန်ကန်နဲ့ စီရင်ခဲ့တယ်လို့ မျှော်လင့်ထားပါတယ်။ ဒီအမှုကြောင့် နှစ်နိုင်ငံ ကြားက သံတမန်ဆက်ဆံရေးမှာ မည်သည့် ပြဿနာမှ မသက်ရောက်ဘူးဆိုတာ ပြောချင်ပါတယ်။”ဟု ဦးဝင်မောင်က ပြောခဲ့သည်။

သေဒဏ်စီရင်ချက် ချမှတ်ခံရသူနှစ်ဦးအပေါ် ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ၊မရှိအား အပြည့်အဝစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထိုင်းအာဏာပိုင်များထံ တောင်းဆို ထားသည်။

"တရားရုံးက အမှုကို ပြန်လည်စစ်ဆေးကြားနာတဲ့အခါ အတင်းအဓ္မ ညှဉ်းပန်းနှိပ်စက်ပြီး ဝန်ခံခိုင်းတာတွေ မရှိအောင် ထိုင်းအစိုးရ တာဝန်ရှိသူတွေ လုပ်ဆောင်ဖို့ လိုပါတယ်" ဟု အဆိုပါအဖွဲ့၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံ ချမ်ပါ ပက်တယ်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးအနီးတွင် ဆန္ဒပြမှုများနှင့် ပတ်သက်၍ ထိုင်းဒုဝန်ကြီးချုပ် ပရာဝတ်ဝမ်ဆူဝန်က မြန်မာအာဏာပိုင်များအနေဖြင့် လုံခြုံရေးကို တာဝန်ယူရန် လိုအပ်ကြောင်းနှင့် ယခုအမှုသည် တရားဥပဒေနှင့်သက်ဆိုင်သော ကိစ္စရပ်များဖြစ်သောကြောင့် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုရှိစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် မြန်မာအလုပ်သမားများက ဆန္ဒပြမည့် အခြေအနေများရှိလာနိုင်မှုအပေါ် စိုးရိမ်မှုရှိသလားဟု မေးမြန်းမှုအပေါ် ဒုဝန်ကြီးချုပ်က ထိုင်းအာဏာပိုင်များအနေဖြင့် ဥပဒေအတိုင်း လုပ်ဆောင်သွားမည်ဟု ပြောကြားထားသည်။

လူသတ်မှုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိမှုများအပေါ် အခြေခံ၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒေါင်ပရာမူဒွင်နာက ဗြိတိန်ရဲများအပါအဝင် အခြားနိုင်ငံများမှ သက်ဆိုင်ရာအဖွဲ့အစည်းများက အမှုနှင့်ပတ်သက်၍ ပူးပေါင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကိန်းဂဏန်းများအရ မြန်မာနိုင်ငံအတွင်း ထိုင်းနိုင်ငံသား ၁၂၀၀ မှ ၁၃၀၀ အကြား နေထိုင်လျှက်ရှိကြောင်း သိရသည်။ စီရင်ချက်ချမှတ်ပြီးနောက် ထိုင်းအစိုးရက နှစ်နိုင်ငံ နယ်စပ်များတွင် လုံခြုံရေးများ တိုးမြှင့်ထားသည်။

မယ်ဆိုင်မြို့သို့ ဝင်ပေါက် တာချီလိတ်နယ်စပ်ဂိတ်တွင်လည်း ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများကို စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် နယ်စပ်တွင် ပုံမှန်မဟုတ်သည့် အခြေအနေတစ်စုံတစ်ရာ ဖြစ်လာခြင်းရှိ၊ မရှိကို သတိထားစောင့်ကြည့်ရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း လူဝင်မှုကြီးကြပ်ရေးမှူး ဆစ်ဆရီကန်ဝယ်က ပြောကြားသည်။

ထို့ပြင်  မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံရေလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဘန်ကောက်အနီးရှိ စမုစခွန်ခရိုင်တွင် အခြေအနေသည် ပုံမှန်ပင်ရှိနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly