တစ်ရက်တည်းအတွင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူ မြန်မာအယောက် ၁၀၀ ကျော် အဖမ်းခံရ

တစ်ရက်တည်းအတွင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူ မြန်မာအယောက် ၁၀၀ ကျော် အဖမ်းခံရ

အောက်တိုဘာ ၃၁

ထိုင်း လုံခြုံရေးတပ်ဖွဲ့များသည် အောက်တိုဘာ ၃၀ ရက်က နိုင်ငံအနောက်ပိုင်း နယ်စပ်ပြည်နယ်၌ အုပ်စုသုံးစုဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၁၆ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၃၈ ဦးပါ အုပ်စုတစ်စုကို ယင်းနေ့က မူအန်းခရိုင် ကြံခင်းတစ်ခု၌ ထိုင်းအစိုးရ ကင်းလှည့်အဖွဲ့တစ်ခုက တွေ့ရှိ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့သည် မြန်မာနိုင်ငံ ပဲခူး၊ မော်လမြိုင်နဲ့ မန္တလေးမြို့တို့မှ လာကြသူများဖြစ်ပြီး အလုပ်အကိုင် ရရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံ ချွန် ဘူရီ၊ ဆမွတ် ဆာခွန်း နှင့် ဘန်ကောက်မြို့ သို့ ဦးတည်သွားရောက်ရန် ကြိုးပမ်းခဲ့ကြစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် အလုပ်နေရာများသို့ ရောက်ရှိပါက အလုပ်ရှာပွဲစားများကို တစ်ဦးလျင် ဘတ် ၁၅,၀၀၀ စီ ပေးရမည်ဖြစ်သည်။

ယင်းမတိုင်မီကလည်း ၁၈ ဦး ပါ မြန်မာနိုင်ငံသား အဖွဲ့အုပ်စုတစ်စု မူအန်းခရိုင်၌ပင် ဖမ်းဆီးခံခဲ့ရသလို မြန်မာနိုင်ငံသား ၅၄ ဦးပါ အဖွဲ့တစ်ခုသည်လည်း ဆန်ခလာဘူရီ ခရိုင်တွင် ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ ကပ်ရောဂါဆိုင်ရာ အရေးပေါ်ညွှန်ကြားချက်များ ချိုးဖောက်မှုတို့ဖြင့် တရားစွဲထားသည်။ ၎င်းတို့ကို ဥပဒေအရ အရေးယူရန်နှင့် မူလနေရပ်ပြန်လွှဲရန် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။

ထို့ပြင် ကန်ချနဘူရီ၏ မျက်နှာချင်းဆိုင် နယ်စပ် တစ်ဘက်ခြမ်းတွင် အလုပ်အကိုင်ရှာဖွေသူများ ရှိနေဆဲဖြစ်ပြီး ၎င်းတို့သည် နယ်စပ်ဖြတ်ကာ ထိုင်းဘက် ဝင်ရောက်ရန် စောင့်ဆိုင်းနေကြောင်း ဖမ်းဆီးခံရသူတချို့က ပြောခဲ့သည်ဟု သိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly