G20 အစည်းအဝေး ပထမနေ့ ရောမမှာ လူထောင်ချီ စုဝေးချီတက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေကို ဆန္ဒပြ

G20 အစည်းအဝေး ပထမနေ့ ရောမမှာ လူထောင်ချီ စုဝေးချီတက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေကို ဆန္ဒပြ
Photo - AFP

အောက်တိုဘာ ၃၁

ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ (G20) ထိပ်သီးအစည်းအဝေးကို အီတလီနိုင်ငံမှာ အောက်တိုဘာ ၃၀ ရက်က စတင်ကျင်းပခဲ့စဉ် ရောမမြို့မှာ လူထောင်နှင့်ချီတို့ စုဝေးချီတက်ခဲ့ကြပြီး ထိပ်သီးအစည်းအဝေးတက်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အီတလီ နိုင်ငံတဝန်း နေရာစုံကနေ ရောက်လာကြတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ရာသီဥတု အရေးပေါ်အခြေအနေအပေါ် အထူးအာရုံစိုက်ရင်းနဲ့ လက်ရှိအချိန်မှာ လူသားတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ခဲ့ကြပါတယ်။

"ကျွန်တော်တို့ စနစ်ကို ပြောင်းလဲဖို့ လိုပါတယ်၊ ဘာကြောင့်ဆိုတော့ လက်ရှိ စနစ်က ကော်ပိုရေးရှင်း အနည်းငယ်ကိုပဲ လုပ်နိုင်စွမ်းပါဝါတွေ အများကြီး ပေးနေပါတယ်၊ တတိယကမ္ဘာနိုင်ငံတွေမှာဆိုရင် ရံဖန်ရံခါဆိုသလို အဲဒီကော်ပိုရေးရှင်းအနည်းငယ်က အစိုးရတွေထက်တောင် ပိုပြီး ပါဝါ ရှိနေပါတယ်၊ သူတို့ လုပ်နေတာတွေက အကျင့်ပျက်ခြစားမှုတွေ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမှုတွေနဲ့ လူ့အခွင့်အရေးအပေါ် နင်းခြေမှုတွေပဲ ဖြစ်ပါတယ်" လို့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားမှုအဖွဲ့ Fridays For Future ရဲ့ တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်တဲ့ ဆိုင်မွန် ဖီစစ်ချားက ပြောပါတယ်။

"ကျွန်မတို့ ကမ္ဘာကြီးမှာ ဘေးကျပ်နံကျပ်အခြေအနေ အမျိုးမျိုး၊ အထူးသဖြင့် ရာသီဥတုနဲ့ ဂေဟစနစ်ဆိုင်ရာ အကျပ်အတည်းတွေနဲ့ ကြုံနေရချိန် အစိုးရတွေဟာ ဒါတွေနဲ့ပတ်သက်လို့ စီမံခန့်ခွဲရာမှာ ရှင်းရှင်းလင်းလင်းကို မအောင်မမြင်ဖြစ်ထားခဲ့ပါတယ်၊ ဒါကြောင့်မို့ ကျွန်မတို့ ဒီမှာ ကျွန်မတို့ရဲ့ မတူညီတဲ့ အမြင်သဘောထားအသံတွေကို ထုတ်ဖော်ဖို့နဲ့ ဒီကမ္ဘာကြီးမှာ သက်ရှိတွေနဲ့ သဘာဝလောကကို ကာကွယ်စောင့်ရှောက်ဖို့ ရပ်တည်မှုအတွက် မတူညီတဲ့ ချဉ်းကပ်မှုတစ်ခု ပေးဖို့ ဒီမှာ လာပြီး ချီတက်ပါဝင်တာဖြစ်ပါတယ်" လို့လည်း အခြားတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ နိုင်ဒါ ဆိုင်မွန်နာက ပြောပါတယ်။

"ကျွန်တော်တို့ဟာ လက်ရှိမှာ ရာသီဥတု အရေးပေါ်အခြေအနေတစ်ခုအောက်မှာ ရှိနေတယ်၊ ဒီ ဂျီ ၂၀ ဟာ ရာသီဥတု အရေးပေါ်အခြေအနေကို တုံ့ပြန်ရာမှာ နှစ် ၂၀ လောက် နောက်ကျနေသလိုဖြစ်နေပါတယ်၊ ချမ်းသာတဲ့ နိုင်ငံတွေက ၂၀၂၀ ကစပြီး နှစ်စဉ် ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မယ်လို့ ကတိပြုထားခဲ့တယ်၊ ဒါပေမယ့် ကျွန်တော်တို့ ခုမြင်နေရတာကတော့ ဆင်းရဲတဲ့ နိုင်ငံတွေ ရာသီဥတုပြောင်းလဲမှုကနေ နာလန်ထူနိုင်အောင် လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေ ချမှတ်ပေးဖို့ ဘယ်နိုင်ငံကမှ ကတိပြုလုပ်ဆောင်တာမျိုး မရှိသေးပါဘူး" လို့ Avaaz အဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူး အော်စကာ ဆိုရီယာက ပြောသွားပါတယ်။

"ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့ အီတလီမှာ လာရောက်အစည်းအဝေးလုပ်ကြပါတယ်၊ ဒါပေမယ့် သူတို့ လုပ်ဆောင်သွားမယ့် ဆုံးဖြတ်ချက်တွေက လုံးဝကို မှားနေပါတယ်၊ ဘာလို့လဲဆိုတော့ ဒီအုပ်စုထဲက ဘယ်နိုင်ငံကမှ ကျွန်တော်တို့တွေ အသေအချာ ထိန်းသိမ်းဖို့ လိုတဲ့ အတိုင်းအတာစံ ဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာပျမ်းမျှအပူချိန်ကို ၁ ဒသမ ၅ ဒီဂရီအောက် ကန့်သတ်ထားရှိနိုင်ဖို့ လမ်းကြောင်းမှန်ပေါ်မှာ မရှိသေးပါဘူး၊ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေအတွက် တစ်နှစ်ကို ဒေါ်လာ ၁၀၀ ဘီလီယံ မတည်မယ့် အစိမ်းရောင်ရန်ပုံငွေ လိုမျိုး ကာလကြာ ကတိကဝတ်တွေကိုလည်း ဒီနှစ်မှာလည်း တည်မှာ မဟုတ်ပါဘူး" လို့ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဖီလစ်ပို ဆော့ဂီအူက ပြောသွားပါတယ်။

"ဂျီ ၂၀ ဆိုတာ တကမ္ဘာလုံးရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်တဲ့ သြဇာအာဏာရှိသူ အနည်းငယ် ပါတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်၊ ဒါပေမယ့် သူတို့ဟာ ခုလို လမ်းတွေမှာပါ ရှိနေသူတွေလိုမျိုးတော့ လက်တွေ့အမှန်တရားကို နားလည်သဘောမပေါက်ပါဘူး၊ သူတို့ဟာ ဒီလူတွေနဲ့အကြား စိတ်ချင်းဆက်သွယ်မှု အနည်းငယ်တောင်မှ မရှိပါဘူး၊ တကယ်တမ်းမှာ သူတို့ဟာ လက်တွေ့နဲ့ ကင်းကွာတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နေတော့တာပါပဲ" လို့ တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်တဲ့ ဖလာဗီယာ မိုရက်တီက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required