စစ်ကောင်စီ၏ ရွေးကော်က လုပ်မည့် အချိုးကျ ကိုယ်စားပြုစနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ ရခိုင့် ဦးဆောင်ပါတီ တက်မည်

By သတင်းနှင့် မီဒီယာ ကွန်ရက်။
31 October 2021
စစ်ကောင်စီ၏ ရွေးကော်က လုပ်မည့် အချိုးကျ ကိုယ်စားပြုစနစ်ဆိုင်ရာ ဆွေးနွေးပွဲသို့ ရခိုင့် ဦးဆောင်ပါတီ တက်မည်

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်။

စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ပထမပတ်အတွင်း ရန်ကုန်မြို့တွင် ကျင်းပမည့် အချိုးကျကိုယ်စားပြုစနစ် PR အပါအဝင် ရွေးကောက်ပွဲစနစ်များနှင့် ပတ်သက်သည့် ဆွေးနွေးပွဲအား ရခိုင့်ဦးဆောင်ပါတီ (AFP) က တက်ရောက်မည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

ယင်းဆွေးနွေးပွဲသို့ တက်ရောက်မည့် ပါတီများက ပုဂ္ဂိုလ်များ၏ အမည်၊ ပါတီတာဝန် နှင့် ဖုန်းနံပတ်များကို နိုဝင်ဘာလ ၁ ရက်နေ့ နောက်ဆုံးစာရင်းပေးပို့ရန်နှင့် ပါတီတစ်ပါတီလျှင် နှစ်ဦးတက်ရောက်ပေးရန် နိုင်ငံရေးပါတီများအား အကြောင်းကြားစာ ပေးပို့ထားကြောင်းသိရသည်။

ထိုဆွေးနွေးပွဲကို ရခိုင့်ဦးဆောင်ပါတီ(AFP)က တက်ရောက်မည်ဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အတည်ပြုပြောသည်။

“ဖိတ်စာအရ ကျနော်နဲ့အတူ အတွင်းရေးမှူး ဦးထွန်းသိန်းနဲ့ တက်မှာပါ။ စာရင်းပေးထားပြီးပါပြီ။ တက်ရောက် နားထောင်မယ့် သဘောပါ။ PR စနစ်နဲ့ ပတ်သက်လို့ ဆွေးနွေးရှင်းလင်းတာတွေကို နားထောင်ဖို့ပါပဲ“ ဟု AFP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က ပြောသည်။

သို့သော် အဆိုပါ ဆွေးနွေးပွဲကို ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် တက်မည်၊ မတက်ရောက်မည်ကို လတ်တလောတွင် ပါတီမှ မဆုံးဖြတ်ရသေးကြောင်းနှင့် ပါတီတွင်း အမှုဆောင်အဖွဲ့က ဆွေးနွေးနေဆဲ ဖြစ်သည်ဟု ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ဆိုသည်။

ထို့အပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီသည် လက်ရှိအချိန်ထိ PR စနစ်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် ဖိတ်ကြားစာ မရောက်ရှိသေးကြောင်း၊ ဖိတ်ကြားလာခဲ့ပါကလည်း ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC အစည်းအဝေးထိုင်ပြီးမှ တက်၊ မတက်ကို ဆုံးဖြတ်သွားမည်ဖြစ်သည်ဟု ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ALD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က “ပါတီကို ဖိတ်ကြားစာ မရောက်လာသေးဘူး၊ သီးခြား မဖိတ်တာပဲလား ဆိုတာ ပြောမတတ်ဘူး။ တခြားပါတီ တွေက ဖိတ်စာရပြီဆိုပေမယ့် ကျနော်တို့ ပါတီကတော့ မရသေး ဘူး” ဟု ပြောသည်။

ALD ပါတီအနေဖြင့် စစ်အာဏာရှင်စနစ်ကို သော်လည်းကောင်း၊ ဒီမိုကရေစီ အာဏာရှင်စနစ်ကို သော်လည်းကောင်း လုံးဝလက်ခံသွားမည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာ သိမ်းပြီးနောက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများမှာ မဲများသူ အနိုင်ရသည့် (First Past the Post- FPTP) ရွေးကောက်ပွဲ စနစ်ကိုသာ ကျင့်သုံးခဲ့သည်။

အချိုးကျ ကိုယ်စားပြုစနစ်မှာ ရွေးကောက်ပွဲများတွင် အနိုင်ရလေ့မရှိသော ပါတီများ လွှတ်တော်တွင် ပါဝင်လာစေခြင်းဖြင့် စစ်တပ် ထောက်ခံမဲများ တိုးပွားစေရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်သူများက ဆိုသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required