ထန်ထလန်မြို့ မီးရှို့ခံရမှုအပေါ် မဟာမိတ်များနှင့် ပူးပေါင်း၍ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဟု YDF ပြော

ထန်ထလန်မြို့ မီးရှို့ခံရမှုအပေါ် မဟာမိတ်များနှင့် ပူးပေါင်း၍ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဟု YDF ပြော

အောက်တိုဘာ ၃၀

ချင်းပြည်နယ်၊ ထန်တလန်မြို့ လူနေအိမ်များအား အကြမ်းဖက် မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် မဟာမိတ် ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က မဇ္စျိမကို ပြောသည်။

“ထန်တလန်ဒေသခံတွေနဲ့ ကျွန်တော်တို့ တစ်သားတည်း ရှိနေမယ်။ စစ်ကောင်စီကိုလည်း စစ်ကောင်စီကိုလည်း ပြင်းပြင်းထန်ထန်နဲ့ လက်တုံ့ပြန်သွားမယ်လို့ ပြောချင်ပါတယ်”ဟု YDF တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

ချင်းဒေသအတွင်းရှိ ထန်တလန်နှင့် ဟားခါးဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် မကြာမီ မဟာမိတ် ပူးပေါင်းသွားရန်ရှိနေပြီး စစ်ရေးအသေးစိတ်ကို ထုတ်ဖော်မပြောကြားလိုသေးကြောင်း ၄င်းက ပြောသည်။

ထန်တလန်မြို့ပေါ် လူနေအိမ်များကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သော အာဏာသိမ်း စစ်ကောင်စီတပ်၏ အကြမ်းဖက် လုပ်ရပ်အပေါ် ရှုတ်ချကြောင်းလည်း YDF တပ်ဖွဲ့က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး ထန်တလန် မြို့ပေါ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ မီးတင်ရှို့မှု များကြောင့် ဘုရားကျောင်း နှစ်ကျောင်း အပါအဝင် ဇုန်မွှန် ရပ်ကွက်တွင် နေအိမ် ၅၆ လုံး၊ လုံတာလ် ရပ်ကွက်တွင် အိမ်သုံးလုံး၊ Biakinn ရပ်ကွက်တွင် အိမ်အလုံး ၃၀ ၊ Market ရပ်ကွက်တွင် အိမ် ၅၂ လုံး နှင့် TABC ရပ်ကွက်တွင် အိမ် ၂၂ လုံး စုစုပေါင်း အိမ် ၁၆၃ လုံး လောင်ကျွမ်း ခဲ့ကြောင်း CDF - ထန်တလန် အဖွဲ့က ကောက်ယူထားသော စာရင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly