ဆယ်စုနှစ်များအတွင်း ပါကစ္စတန် အကြမ်းဖက်အဖွဲ့များကြောင့် ကက်ရှ်မီးယား၌ လူထောင်ပေါင်းများစွာ သေဆုံးခဲ့

ဆယ်စုနှစ်များအတွင်း ပါကစ္စတန် အကြမ်းဖက်အဖွဲ့များကြောင့် ကက်ရှ်မီးယား၌ လူထောင်ပေါင်းများစွာ သေဆုံးခဲ့

အိန္ဒိယ၏ ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေအတွင်း မကြာသေးခင်က ဖြစ်ပွားထားခဲ့သည့် သတ်ဖြတ်မှုများကို ကြည့်မည်ဆိုပါက ပြီးခဲ့သည့် ဆယ်စုနှစ် သုံးစုကျော်ကြာကာလအတွင်း ပါကစ္စတန် အခြေပြု အကြမ်းဖက်အဖွဲ့များက ထိုဒေသရှိ နေမှုူထိုင်မှုဘဝများကို ခက်ခဲစေရန် မည်သို့မည်ပုံ လုပ်ဆောင်ထားခဲ့သလဲ ဆိုသည်ကို ထင်ဟပ်သတိပေးနေသည်။

၁၉၈၉ ခုနှစ်နောက်ပိုင်း အစဥ်အဆက် အကြမ်းဖက်မှုလုပ်ရပ်များကြောင့် လူ့အသက်ပေါင်း သောင်းချီကို ဆုံးရှုံးထားစေခဲ့ကြောင်း ပြင်သစ် စာနယ်ဇင်း Asialyst အတွက် ရေးသားနေသည့် ပထဝီနိုင်ငံရေးဆိုင်ရာ ပညာရှင် အိုလီဗီးယား ဂွီလာ့ဒ်က ရေးခဲ့သည်။

မကြာသေးခင်က ဂျမူးနှင့် ကက်ရှ်မီးယားတွင် အကြမ်းဖက်သမားများက အရပ်သားများကို သတ်ဖြတ်သည့် ဖြစ်စဥ် အချို့ ဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းတောင်ကြားတွင် စိုးရိမ်ကြောက်ရွံ့မှုများကို ဖြစ်ပေါ်ထားစေခဲ့သည်။ ဂျမူးနှင့် ကက်ရှ်မီးယားတွင် နယ်ခံ၊ ဒေသခံမဟုတ်သူများ သတ်ဖြတ်ခံရမှုများ ဖြစ်ပြီးနောက် ယင်းပြည်ထောင်စုနယ်မြေတွင် လူပေါင်း ၇၀၀ ခန့်ကို ထိန်းသိမ်းဖမ်းဆီးခဲ့ရသည်။

အိန္ဒိယ-ပါကစ္စတန်အကြား ကြီးလေးသည့် တင်းမာမှုများဖြင့် နောက်တစ်ကြိမ် စွန်းထင်းနေသည့် ဒေသတွင်း အခြေအနေတစ်ခုအောက်တွင် အကြမ်းဖက်မှုနှင့် ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှု လှိုင်းသစ်တစ်ခုကို စိုးရိမ်ပူပန်မှုများဖြင့် စောင့်ကြည့်နေရကြောင်း ဂွီလာ့ဒ်က ထုတ်ဖော်သည်။

သက်တမ်း တစ်နှစ်မျှသာ ရှိနေသည့် အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်သည့် The Resistance Front (TRF) က အထက်ပါ တိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက်ဟု ထုတ်ဖော်ထားခဲ့သည်။

လက်ရှ်ကာ-အီ-တိုင်ဘာ အကြမ်းဖက်အဖွဲ့ ကျောထောက်နောက်ခံပြုထားသည့် (TRF) အဖွဲ့ ပေါ်ထွက်မှုသည် အိန္ဒိယအစိုးရက ယခင်က ပြည်နယ်တစ်ခုဖြစ်သည့် ဂျမူးနှင့် ကက်ရှ်မီးယားကို နယ်မြေဒေသနှစ်ခုအဖြစ် ခွဲထုတ်လိုက်သည့် ဆုံးဖြတ်ချက်နှင့် တိုက်ဆိုင်နေသည်ဟု ပြင်သစ် စာနယ်ဇင်းက ဖော်ပြသည်။

ဇန်နဝါရီ ၁ ရက်နောက်ပိုင်း အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား ကက်ရှ်မီးယား၌ အကြမ်းဖက်ခံရမှုများအတွင်း အသက်ဆုံးရှုံးထားခဲ့သည်ဟု စာရေးသူက ပြောသည်။ ထို့ပြင် မကြာသေးခင်ကာလအတွင်း အရပ်သားများနှင့် နိုင်ငံရေးသမားများကို သတ်ဖြတ်မှုဖြစ်စဥ်များ ဖြစ်ပေါ်ထားခဲ့သည်ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

"အမှတ်ရစရာ တစ်ခုအဖြစ် ပြီးခဲ့တဲ့ ဆယ်စုနှစ်သုံးစုကျော်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ လူသေဆုံးစေတဲ့ တိုက်ခိုက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့အတူ ပါကစ္စတန်လိုလားတဲ့ ခွဲထွက်ရေးသူပုန်အုပ်စုတွေက ကက်ရှ်မီးယားဒေသမှာ နေမှုထိုင်မှုဘဝတွေကို ခက်ခဲအောင် လုပ်ထားခဲ့ပါတယ်" ဟု ဂွီလာ့ဒ်က ပြောသည်။

ယင်းအခြေအနေတွေအောက်မှာ ကက်ရှ်မီးယား ပြည်သူများ၊ လူနည်းစုများအပါအဝင် လူ့အသိုက်အဝန်းများအနေဖြင့် ကက်ရှ်မီးယားတောင်ကြားကနေ လူအမြောက်အမြား ထွက်ပြေးထားခဲ့ရသည့် ၁၉၉၀ ပြည့်နှစ် အတော်မသတ်နိုင်သော လူသားဆိုင်ရာ ဖြစ်ရပ်ဆိုးများ နောက်တကြိမ် ပြန်လည်မခံစားရစေရေးအတွက် လုပ်ဆောင်ရန် အိန္ဒိယအစိုးရက စူးစိုက်ရည်မှန်းထားကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly