လိပ်ကျွန်းအမှု မြန်မာနှစ်ဦးကို သေဒဏ်ချသည့်အပေါ် ရခိုင်ပါတီ နှစ်ခု ကန့်ကွက်စာထုတ်

လိပ်ကျွန်းအမှု မြန်မာနှစ်ဦးကို သေဒဏ်ချသည့်အပေါ် ရခိုင်ပါတီ နှစ်ခု ကန့်ကွက်စာထုတ်

စစ်တွေ၊ ဒီဇင်ဘာ ၂၅ ။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း(လိပ်ကျွန်း)တွင် ဖြစ်ပွားခဲ့သော ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုတွင် မြန်မာပြည်နိုင်ငံသား ရခိုင်တိုင်းရင်းသားနှစ်ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့နှစ်ဦးအား ကောစမွီခရိုင်တရားရုံးမှ သေဒဏ်ချမှတ်ခြင်းအပေါ် ရခိုင်ပါတီနှစ်ခု ကန့်ကွက်ကြောင်း သဘောထားတစ်စောင်ကို ဒီဇင်ဘလ ၂၄ ရက်က ထုတ်ပြန် ခဲ့ကြသည်။

အဆိုပါထုတ်ပြန်ချက်များထဲတွင် ခိုင်လုံသော သက်သေအထောက်အထားများ မရှိခြင်း၊ အမှုဖြစ်စဉ်တစ်လျောက်လုံးတွင် မြန်မာနိုင်ငံသားလူငယ်နှစ်ဦးနှင့် သက်ဆိုင်မှုမရှိခြင်းနှင့် အမှုအား အတင်းအဓမ္မဖြောင့်ချက်ရယူကာ အတည်ပြုခြင်း၊ DNA စစ်ဆေးမှုဆိုင်ရာကိုက်ညီမှုမရှိခြင်း စသည့် အချက်အလက်များပါဝင်သည်။

“တကယ်တော့ အမှုတစ်ခုဟာ သက်သေထင်ရှားရှိတယ်လို့ဆိုရင် အခုလို နှစ်ကိုချီပြီး ကြာစရာအကြောင်း မရှိဘူး။ ဒီလိုပြစ်မှုကိုပေးရအောင်ထိ သက်သေထင်ရှားခဲ့တယ်ဆိုရင် ဒီလောက်လဲကြာစရာ အကြောင်း မရှိဘူး။ ဒါကြောင့် ရခိုင်မျိုးချစ်ပါတီအနေနဲ့ကတော့ ဒီအမှုအတွက် ပြည်သူတွေနဲ့ပူးပေါင်းပြီး ဆန္ဒဖေါ်ထုတ်မှုတွေကို လုပ်ဆောင်သွားမယ်” ဟု ရခိုင်မျိုးချစ်ပါတီ ခေါင်းဆောင် ဦးမောင်မောင်စောက ပြောသည်။

ယခုကဲ့သို့ သေဒဏ်အပေးခံရခြင်းသည် မိမိနိုင်ငံ၌ အလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်ပထွက်ခွာပြီး ထိုင်းနိုင်ငံအတွင်း ရွေ့ပြောင်းလုပ်သားဘဝဖြင့် ရုန်းကန်လှုပ်ရှားနေရသော မြန်မာနိုင်ငံသားအားလုံးအတွက် ယခုဖြစ်စဉ်မှာ တုန်လှုပ်ဖွယ်ဖြစ်ကြောင်းနှင့် ရခိုင်အမျိုသားပါတီအနေဖြင့် မြန်မာနိုင်ငံသား နှစ်ဦးလွတ်မြောက်ရေးအတွက် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအာလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ၏ သဘောထားမှတ်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly