ဘားကောင်စီအသစ်ပြန်လည်ဖွဲ့စည်းခြင်းသည် လူထုအကျိုးပြုရှေ့နေများအတွက် စိုးရိမ်စရာဟု ရှေ့နေကြီးဦးကြီးမြင့် ဝေဖန်

ဘားကောင်စီအသစ်ပြန်လည်ဖွဲ့စည်းခြင်းသည် လူထုအကျိုးပြုရှေ့နေများအတွက် စိုးရိမ်စရာဟု ရှေ့နေကြီးဦးကြီးမြင့် ဝေဖန်

အောက်တိုဘာ ၂၉

အာဏာသိမ်းစစ်ကောင်စီက ဘားကောင်စီဟုလူသိများသော တရားလွှတ်တော်ရှေ့နေများကောင်စီကို အစားထိုးပြန်လည်ဖွဲ့စည်းလိုက်သည့်အတွက် လူထုအကျိုးရှေ့ရှု့မည့်တရားလွှတ်တော်ရှေ့နေများအတွက် စိုးရိမ်စရာဖြစ်ကြောင်း ရှေ့နေကြီး ဦးကြီးမြင့်က ဝေဖန်လိုက်သည်။

ဘားကောင်စီသည် တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်ရန် ထောက်ခံပေးရသလိုကောင်စီအနေဖြင့်လည့်း ရှေ့နေလိုင်စင်ကို အပြီးသတ်ဖျက်သိမ်းနိုင်သည့်အခွင့်အာဏာလည်းရှိသည်။

" အခုဟာက ၁၉၈၀ ခုနှစ်တုန်းက အာဏာသိမ်းပြီးတော့ ဗိုလ်စောမောင်က ဘားကောင်စီကိုပြင်ဆင်ဖွဲ့စည်းလိုက်သလိုဘဲ အခု စစ်ကောင်စီကလည်း အဲ့ဒီ့အတိုင်းပဲလိုက်လုပ်တာ။နောက်ကြောင်းပြန်ဆုတ်ရုံတင်မကဘူး၊ ဒါစစ်အာဏာရှင်တို့ရဲ့လက္ခဏာဘဲ။ ရှေ့နေဖြစ်ဖို့ ရှေ့နေတွေက ရွေးချယ်ခွင့်မရှိတော့ဘူး ။ စစ်ကောင်စီအလိုကျသာဖြစ်သွားပြီ။ ဒါဆို လူထုအကျိုးရှေ့ရှု့မယ့်ရှေ့နေတွေနည်းလာတဲ့အတွက် ဥပဒေစိုးမိုးရေးဟာ စစ်ကောင်စီအလိုကျဖြစ်သွားပြီ။ "ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ယနေ့ အောက်တိုဘာ ၂၉ ရက်ထုတ်စစ်ကောင်စီအာဘော်ကြေးမုံသတင်းစာတွင် "တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဌာန်း"ကြောင်းပါရှိသည်။

ထို့အပြင် ပုဒ်မ ၄၊ ပုဒ်မ ၅ ၊ ပုဒ်မ၂၀၊ ပုဒ်မ၂၁၊ ပုဒ်မ ၂၂စသည့် ပုဒ်မ ၅ခုကိုလည်း ပြင်ဆင်လိုက်သည်။

ကောင်စီအက်ဥပဒေပုဒ်မ ၄ ပြင်ဆင်မှုသည် ကောင်စီအစားထိုးဖွဲ့စည်းမှုဆိုင်ရာဖြစ်သည်။

မူလပုဒ်မ ၅ နှင့် ၆ သည် ကောင်စီကိုဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်များ၊ တရားလွှတ်တော်ရှေ့နေများကို ရွေးချယ်ခန့်ထားရေးအတွက် ပြဌာန်းချက်များဖြစ်ရာ ယခုအခါတွင် စစ်ကောင်စီက စိတ်ကြိုက်ရွေးချယ်ခန့်အပ်မှာဖြစ်သည့်အတွက် ပုဒ်မ ၅ ကိုမလိုအပ်တော့၍ ဖြုတ်လိုက်ခြင်းဖြစ်သည်။

ပုဒ်မ ၂၀နှင့် ၂၁ တို့တွင်ပြောင်းလဲမှုသည် ပြည်ထောင်စုရှေ့နေချုပ်ရုံးဆိုသည့် စကားရပ်အစား ဥပဒေရေးရာ ဝန်ကြီးဌာန ဆိုပြီးအစားထိုးပြင်ဆင်မှုဖြစ်သည်။

ပုဒ်မ ၂၂ ကိုပြောင်းလဲမှုကတော့ အစားထိုးအမည်ပြောင်းလိုက်သည့် ဥပဒေရေးရာဝန်ကြီးဌာနတွင် ပါဝင်လာသည့် အစိုးရဝန်ထမ်းမဟုတ်သည့်ရှေ့နေများအတွက် စရိတ်ချီးမြှင့်ငွေကို အစိုးရသဘောတူညီချက်ဖြင့်သတ်မှတ်ပေးခြင်းဖြစ်သည်။

စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းလိုက်သော ဘားကောင်စီတွင်အဖွဲ့ဝင် ၁၁ ဦး ပါဝင်လာသည်။

လက်ရှိတွင်နိုင်ငံတော်၏အတိုင်င်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အမှု အား လိုက်ပါဆောင်ရွက်နေသော ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်မှာ ဘားကောင်စီအတွင်းရေးမှူးအဖြစ်မှ ရပ်စဲခံလိုက်ရပြီဖြစ်ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။

" ကျနော် ခင်မောင်ဇော် ဘားကောင်စီအတွင်းရေးမှူးမဟုတ်တော့ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေလူ့အခွင့်အရေးရှေ့နေအဖြစ်ကတော့ တည်ဆဲပါ။( စိတ်ချမ်းသာလိုက်တာ)"ဟု ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required