အမျိုးသမီးပေါင်း ၁၂၀၀၀နှင့် အခကြေးငွေပေး၍ လိင်ဆက်ဆံခဲ့သည့် ဂျပန်ကျောင်းဆရာ ကလေးညစ်ညမ်းပုံများ ရိုက်ကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရ

အမျိုးသမီးပေါင်း ၁၂၀၀၀နှင့် အခကြေးငွေပေး၍ လိင်ဆက်ဆံခဲ့သည့် ဂျပန်ကျောင်းဆရာ ကလေးညစ်ညမ်းပုံများ ရိုက်ကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရ

တိုကျို၊ ဒီဇင်ဘာ-၂၅ ။            ။ ဖိလစ်ပိုင်နိုင်ငံတွင် အမျိုးသမီးပေါင်း ၁၂၀၀၀နှင့် အခကြေးငွေပေး၍ လိင်ဆက်ဆံခဲ့သည်ဟု သိရှိရသည့် ကျောင်းအုပ်ဟောင်းတစ်ဦးမှာ ဖိလစ်ပိုင် မိန်းခလေးငယ်များ၏ ကိုယ်လုံးတီးပုံများကို ဓာတ်ပုံရိုက်ယူမှုဖြင့် ဂျပန်နိုင်ငံတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ အေအက်ဖ်ပီသို့ ပြောကြားချက်အရ ယိုကိုဟားမား ခရိုင်တရားရုံးက ယူဟဲ တာကာရှီးမား (၆၅နှစ်)ကို ၄နှစ်ဆိုင်းငံ့ဖြင့် ထောင် ၂နှစ် ပြစ်ဒဏ် ချမှတ်ခဲ့သည်ဟု ဆိုသည်။.

အသက် ၁၄နှစ်မျှအထိ ငယ်ရွယ်သည့် မိန်းခလေးများနှင့် လိင်ဆက်ဆံခဲ့သည်ဟု သိရှိရသည့် တာကာရှီးမားမှာ နောက်ထပ် မကျူးလွန်တော့ပါဟူသော ခံဝန်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်လာ ခဲ့သည်ဟု ဆိုသည်။

Jijiမီဒီယာ၏ စီရင်ချက်ကို ကိုးကားဖော်ပြချက်အရ ဓာတ်ပုံရိုက်ယူထားသည့် မိန်းခလေးများမှာ အသက် ၁၂နှစ်မှ ၁၄နှစ်ကြား အရွယ်များဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဖိလစ်ပိုင်ဟိုတယ်တစ်ခုတွင် ရိုက်ယူထားခဲ့သည့်ပုံများ ဖြစ်သည်ဟု ဆိုသည်။

ပြည်တွင်းမီဒီယာ၏ သတင်းပို့ချက်အရ  တာကာရှီးမားမှာ သူ၏ လိင်အတွေ့အကြုံ ဓာတ်ပုံပေါင်း ၁၅၀၀၀၀ နီးပါးကို အယ်လ်ဘမ်ပေါင်း ၄၀၀ခန့်ဖြင့် အမျိုးအစားအလိုက် စနစ်ကျစွာ သိမ်းဆည်းထားခဲ့သည်ဟု ဆိုသည်။

အလယ်တန်းကျောင်းအုပ်ဟောင်း တစ်ယောက်ဖြစ်သည့် တာကာရှီးမားမျာ ၁၉၈၈ခုနှစ်တွင် မနီလာရှိ ဂျပန်ဘာသာ ကျောင်းတစ်ကျောင်းသို့ ပြောင်းရွှေ့ခံရစဉ်တွင် အခကြေးငွေပေး၍ လိင်ဆက်ဆံမှုကို စတင်ပြုလုပ်လာခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်းတွင်လည်း ဖိလစ်ပိုင်သို့ တစ်နှစ်လျှင် လိင်ခရီးစဉ်သုံးခေါင်နှုန်းဖြင့် သွားရောက်လည်ပတ်ခဲ့ရာ လက်ရှိအချိန်အထိ ၆၅ကြိမ် သွားရောက်လည်ပတ်ခဲ့သည်ဟု ဆိုသည်။

ထိုမျှလောက်သော အချိန်ကာလအတွင်း တာကာရှီးမားမှာ အသက် ၁၄နှစ်နှင့် ၇၀ကြား အမျိုးသမီးပေါင်း ၁၂၀၀၀နှင့် လိင်ဆက်ဆံခဲ့သည်ဟု Nippon TV က ပြောကြားခဲ့သည်။

 Jijiသတင်းမီဒီယာ၏ ဖော်ပြချက်အရ တရားသူကြီး နာအိုကို အိုမိုရီက တာကာရှီးမား၏ လုပ်ရပ်ကို စက်ဆုပ်ရွံရှာဖွယ်ရာ ရိုင်းစိုင်းသောလုပ်ရပ်ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး ဖိလစ်ပိုင်မှ မိန်းခလေးများ၏ ဆင်းရဲမွဲတေမှုကို အမြတ်ထုတ်သည်ဟုလည်း ပြောကြားခဲ့သည်ဟု ဆိုသည်။

‘ဂျပန်မှာပဲဖြစ်ဖြစ် ဖိလစ်ပိုင်မှာပဲဖြစ်ဖြစ် ကလေးတွေကို ကာကွယ်ပေးသင့်တယ်။ ဒါကို ကျောင်းဆရာတစ်ယောက်အနေနဲ့ သူသိသင့်တယ်’’ဟု တရားသူကြီး နာအိုကို အိုမိုရီက ပြောကြားခဲ့သည်။

သူ၏ လိင်ဆန္ဒကို ဖြည့်ဆည်းရန် မဖွယ်မရာများကို ထပ်တလဲလဲ ပြုကျင့်ခဲ့သောကြောင့် တာကာရှီးမားကို ပြစ်ဒဏ်ချသင့်သော်လည်း သူက နောက်ထပ် မကျူးလွန်တော့ပါဘူးဟု ခံဝန်ကတိပေးခဲ့သည်ဟုလည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

ဂျပန်နိုင်ငံတွင် အစိုးရက ကလေးသူငယ် ညစ်ညမ်းပုံများကို ထုတ်လုပ်ဖြန့်ဖြူးမှုကိုသာ ပိတ်ပင်ထားသည့် ဥပဒေများကို ပြင်ဆင်ခဲ့ပြီးနောက်တွင် အသက်၁၈နှစ်အောက် လူများ၏ လိင်မှုရေးရာပုံများကို လက်ဝယ်ပိုင်ဆိုင်ထားလျှင်လည်း ထောင်ဒဏ် ကျခံရနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly