မော်လမြိုင်မှ NLD အဖွဲ့ဝင် အမျိုးသမီးတစ်ဦး ဖမ်းခံရ

By သတင်းနှင့် မီဒီယာကွန်ရက်
29 October 2021
မော်လမြိုင်မှ NLD အဖွဲ့ဝင် အမျိုးသမီးတစ်ဦး ဖမ်းခံရ

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်။

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု NLD ပါတီအသိုင်းအဝိုင်းထံမှ သိရသည်။

ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၂၇ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင် အချိန်ခန့် က မော်လမြိုင်မြို့ စျေးကြိုရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

NLD ပါတီနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက "ဒေါ်နွယ်နွယ်အောင် ညက အဖမ်းခံရတယ်လို့ ကြားတယ်။ သူ့ရဲ့အိမ်မှာ ပဲ လာဖမ်းသွားတယ်လို့ ပြောတယ်။ အကြောင်းအရင်းကိုတော့ ကျနော်တို့လည်း သေချာမသိသေးဘူး" ဟု ပြောသည်။

ဒေါ်နွယ်နွယ်အောင် ဖမ်းဆီးခံရသည့် အကြောင်းအရင်းကိုလည်း မသိရှိသေးဘူးဟု NLD ပါတီဝင်များ က ပြော သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် အခြားသော ပါတီများမှ ပါတီဝင်အချို့ ဖမ်းဆီးခံရမှုရှိနေသည့်အပြင် အများစုက ထွက်ပြေးတိမ်းရှောင်နေကြ ရသည်။

ပြည်နယ်အတွင်းက လွှတ်တော်ကိုယ်စားလှယ်အချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ နှင့် ပတ်သက်မှုမရှိကြောင်း စစ်ကောင်စီထံ ခံဝန်လက်မှတ် ရေးထိုး ပြီး နေအိမ်တွင် နေထိုင်နေကြသည်လည်းရှိသည်ဟု သိရသည်။

ထိုသို့ ခံဝန်လက်မှတ်ရေးထိုးပြီး နေသူများထဲတွင် ဒေါ်နွယ်နွယ်အောင်လည်း ပါဝင်ကြောင်း သတင်းများ ထွက် နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ယခုဖမ်းဆီးခံလိုက်ရသည့် ဒေါ်နွယ်နွယ်အောင်သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲက မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရရှိထားသည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

ဒေါ်နွယ်နွယ်အောင်သည် ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပြီး မော်လမြိုင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required