ပါကစ္စတန်အစိုးရက တားမြစ်ပိတ်ပင်ထားသည့် အစ္စလမ္မစ်အဖွဲ့ TLP ၏ အဖွဲ့ဝင် ၃၅၀ ကို ပြန်လွှတ်ပေး

By Just Earth News
29 October 2021
ပါကစ္စတန်အစိုးရက တားမြစ်ပိတ်ပင်ထားသည့် အစ္စလမ္မစ်အဖွဲ့ TLP ၏ အဖွဲ့ဝင် ၃၅၀ ကို ပြန်လွှတ်ပေး

ပါကစ္စတန်ဖက်ဒရယ် အစိုးရသည် နိုင်ငံတွင် တရားဝင် တားမြစ်ပိတ်ပင်ထားသည့် Tehreek-i-Labbaik Pakistan (TLP) အဖွဲ့၏ ဖမ်းဆီးခံ အဖွဲ့ဝင် ၃၅၀ ဦးကို ပြန်လွှတ်ပေးရင်း အဆိုပါ အစ္စလမ္မစ်အုပ်စုကို အလျှော့ပေး လိုက်လျောမှုများ လုပ်ဆောင်ပေးထားခဲ့ရသည်ဟု ယူဆရသည်။ အဆိုပါ အစ္စလမ္မစ်အစုအဖွဲ့သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ပြင်းထန်ကြမ်းတမ်းသည့် ချီတက်မှုတစ်ခုကို လုပ်ဆောင်ထားခဲ့သည်။

ယခုအခါ (TLP) ၏ အဖွဲ့ဝင် ၃၅၀ ကို လွှတ်ပေးရုံတင်မက အဆိုပါ ပိတ်ပင်ခံ အဖွဲ့၏ အခြားအဖွဲ့သားများအပေါ် ဖွင့်ထားသည့် အမှုများကိုလည်း အောက်တိုဘာ ၂၇ ရက်မတိုင်မီ ရုပ်သိမ်းပေးမည်ဟု ပါကစ္စတန်အစိုးရက ကြေညာခဲ့သည်။

TLP အုပ်စုသည် ပြင်သစ်မဂ္ဂဇင်းတစ်ခုက တမန်တော် မိုဟာမက် ကာတွန်းရုပ်ပြောင်ပုံ ရေးဆွဲထုတ်ဝေမှုကိစ္စနှင့်ပတ်သက်ပြီး ပြင်သစ်သံအမတ်ကို နှင်ထုတ်ရေးအတွက် အစိုးရကို ဖိအားပေးတောင်းဆိုနေခဲ့သည်။

အစိုးရအနေဖြင့် TLP ခေါင်းဆောင်များကို ၎င်းတို့၏ အမည်များ ပါဝင်သည့် စတုတ္တမြောက် အစီအစဥ် စာရင်းတစ်ခုနှင့်ပတ်သက်၍ သုံးသပ်နေသည်ဟု အာမခံကြောင်းနှင့် ၎င်းတို့၏ ဖမ်းဆီးခံ ခေါင်းဆောင် ဆက်ဒ် ရစ်ဇ်ဗီကို ပြန်လွှတ်မည့် အစီအစဥ်တစ်ရပ်ကိုလည်း လုပ်ဆောင်နေကြောင်း ပြည်ထဲရေးဝန်ကြီး ရှိတ် ရာရှစ် အာမက်ဒ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်ဟု Dawn News ဟု ဖော်ပြသည်။

"ကျွန်တော်တို့ ခုချိန်မှာ TLP အဖွဲ့ဝင် ၃၅၀ ကို ပြန်လွှတ်ပေးလိုက်ပါပြီ၊ TLP နဲ့အကြား ဆုံးဖြတ်ချက်တစ်ခုအရ မာရစ်ဒ်ကီ လမ်းရဲ့ နှစ်ဘက်စလုံးကို ပြန်ဖွင့်ပေးဖို့ ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်" ဟု ပြည်ထဲရေးဝန်ကြီးက တွစ်တာကနေတဆင့် ပြောခဲ့သည်။ ယင်းမတိုင်မီက ၎င်းသည် အစ္စလမ်မာဘတ်၌ TLP ၏ ထိန်းသိမ်းခံ ခေါင်းဆောင် အပါအဝင် ယင်းအဖွဲ့၏ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးသည့် အစိုးရအဖွဲ့တစ်ခုကို ဦးဆောင်ခဲ့သည်။

အဆိုပါ အဖွဲ့နှင့်အကြား နောက်ထပ် ဆွေးနွေးမှုတစ်ရပ်ကို အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်နိုင်သည်။

TLP အုပ်စုမှ အဖွဲ့ဝင်တစ်ဦးကလည်း ၎င်းတို့သည် မာရစ်ဒ်ကီတွင် နှစ်ရက်ကြာ စောင့်ပြီး ဆက်နေရန် အစိုးရ၏ အဆိုပြုချက်ကို သဘောတူထားကြောင်း၊ အကြောင်းမှာ အစိုးရဘက်က TLP အကြီးအကဲ နှင့် အခြား Shura အဖွဲ့ဝင်များ အပါအဝင် အဖွဲ့၏ ဖမ်းဆီးခံထားရသူအားလုံးကို လွှတ်ပေးမည်ဟု အာမခံထား၍ဖြစ်ကြောင်း၊ စတုတ္တမြောက် အစီအစဥ်ကို ပြန်သုံးသပ်ပေးမည်ဟု ပြောထားကြောင်း ပြောခဲ့သည်ဟု Dawn News ဟု ကိုးကားဖော်ပြသည်။

တချိန်တည်းမှာပင် ပါကစ္စတန်တွင် ရဲ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၏ စျာပနပွဲအခမ်းအနားတွင် TLP တက်ကြွလှုပ်ရှားသူအများအပြား ပါဝင်ခဲ့ကြသည်။

အစောပိုင်းတုန်းက ပါကစ္စတန်အစိုးရက TLP ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေများအောက်တွင် တရားဝင် တားမြစ်ပိတ်ပင်ခံ အဖွဲ့အစည်းတစ်ခုအဖြစ် ကြေညာခဲ့ပြီး ယင်းပါတီအပေါ် ကျယ်ပြန့်သည့် ဖြိုခွင်းမှုများ လုပ်ခဲ့သလို TLP အကြီးအကဲ ဆက်ဒ် ရစ်ဇ်ဗီကိုလည်း ထိန်းသိမ်းခဲ့သည်။

TLP သည် ပြင်သစ်မဂ္ဂဇင်း ချာလီ ဟက်ဘ်ဒိုက တမန်တော် မိုဟာမက် ကာတွန်းရုပ်ပြောင်ပုံ ဖော်ပြမှုနှင့်ပတ်သက်ပြီး ယမန်နှစ် နိုဝင်ဘာက ဆန့်ကျင်ဆန္ဒပြမှုများကို စတင် လုပ်ဆောင်ခဲ့သည်။ ကာတွန်းရုပ်ပြောင်ပုံ ဖော်ပြမှုနှင့်ပတ်သက်၍ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း ခုခံပြောဆိုခဲ့သည်။

ယင်းနောက် အစိုးရနှင့် TLP အကြား သဘောတူညီချက်တစ်ခု လက်မှတ်ထိုးပြီးနောက် ဆန္ဒပြမှုများ ရပ်ဆိုင်းခဲ့သော်လည်း ယခုနှစ် ဖေဖေါ်ဝါရီ အစောပိုင်းတွင် TLP သည် ပြင်သစ် သံအမတ်ကို နှင်ထုတ်ရေး တောင်းဆိုပြီး ပြင်းထန်ကြမ်းတမ်းသည့် ဆန္ဒပြမှုများကို တဖန် လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly