မြန်မာက အာဆီယံ မိသားစုဝင်အဖြစ် ရှိနေဆဲလို့ ဘရူနိုင်း ပြော 

မြန်မာက အာဆီယံ မိသားစုဝင်အဖြစ် ရှိနေဆဲလို့ ဘရူနိုင်း ပြော 
Photo - AFP

အောက်တိုဘာ ၂၉

စစ်ခေါင်းဆောင်ကို နှစ်ပတ်လည် အစည်းအဝေးတွေကနေ ဖယ်ချန်ထားတာအတွက် အာဏာသိမ်းခံ မြန်မာနိုင်ငံက စစ်ကောင်စီအုပ်စုက ဆန့်ကျင်နေပေမယ့်လည်း မြန်မာဟာ အာဆီယံမိသားစုဝင်အဖြစ် ရှိနေဆဲပဲလို့ အဖွဲ့ဝင် ဘရူနိုင်းနိုင်ငံက အလေးအနက်ထား ပြောဆိုပါတယ်။ 

ဖေဖော်ဝါရီလအတွင်း စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပေါ်ပြီး နောက်ဆက်တွဲ လူသေဆုံးတဲ့ ဖြိုခွင်းမှုတွေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ အခု သီတင်းပတ် အွန်လိုင်းထိပ်သီးအစည်းအဝေးမှာ အဓိကထား ဆွေးနွေးတာပဲ ဖြစ်ပါတယ်။ 

ဖယ်ရှားခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံ အထူးသံတမန်ကို စစ်ကောင်စီက တွေ့ခွင့်မပေးတာကြောင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို အစည်းအဝေးတွေ တက်ရောက်ခွင့် မပေးဖို့ အာဆီယံက ဆုံးဖြတ်ခဲ့တာပါ။ 

ထိရောက်မှု မရှိဘူးလို့ ကာလရှည် ဝေဖန်ခံရတဲ့ အာဆီယံအတွက် ဒီ လုပ်ရပ်ဟာ ကြုံတောင့်ကြုံခဲ လုပ်ရပ်ဖြစ်ပြီး စစ်ကောင်စီကို ဒေါသထွက်စေခဲ့ပါတယ်။ ဒီအတွက် အကြီးတန်းတာဝန်ရှိသူတစ်ဦးကို အစားတက်ရောက်ဖို့ ဖိတ်ကြားတာကို စစ်ကောင်စီက ပယ်ချခဲ့ပါတယ်။ 

မြန်မာကို အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့တာ၊ ထုတ်ပယ်တာ လုပ်ဖို့ အာဆီယံကို တိုက်တွန်းတာတွေ ရှိနေပေမယ့် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် ကျင်းပတဲ့ ဘရူနိုင်းဘုရင် ဟာဆန်နယ် ဘိုကီးယားက တင်းမာမှုတွေ လျော့ပါးရေး ကြိုးစားလာခဲ့ပါတယ်။ 

“မြန်မာဟာ အာဆီယံမိသားစုဝင်ပါပဲ၊ အဖွဲ့ဝင်ဖြစ်မှုကို စောကြောစရာ မလိုဘူး”လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

“အာဆီယံဟာ မြန်မာအတွက် အမြဲ ရှိသွားမှာပါ”လို့လည်း သူက ဆိုပါတယ်။ 

ဒါပေမဲ့ “မြန်မာဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပုံမှန်အခြေဆီ ပြန်သွားမယ်”လို့ အဖွဲ့ဝင် ဆယ်နိုင်ငံအုပ်စု အာဆီယံအနေနဲ့ မျှော်လင့်နေကြောင်း ဟာဆန်နယ် ဘိုကီးယားက ထပ်လောင်းပြောခဲ့ပါတယ်။ 

မြန်မာစစ်အစိုးရကို အာဆီယံရဲ့ နောက်ပိုင်းအစည်းအဝေးတွေမှာလည်း ဖယ်ချန်ထားဖို့ ရှိတယ်လို့ အဖွဲ့ဝင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆက်ဖူဒင် အဒူလာရှ်က အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required