ရွှေတြိဂံဒေသအနီး စံချိန်တင် မူးယစ်ဆေးများ လာအို ဖမ်းဆီးရမိ

By Asia News
29 October 2021
ရွှေတြိဂံဒေသအနီး စံချိန်တင် မူးယစ်ဆေးများ လာအို ဖမ်းဆီးရမိ

အောက်တိုဘာ ၂၉

ထိုင်း၊ မြန်မာ နှင့် လာအို နိုင်ငံသုံးခု နယ်နိမိတ်ဆုံရာ ရွှေတြိဂံဒေသထဲရှိ ဧရိယာတစ်ခုတွင် စံချိန်တင် များပြားသည့် မူးယစ်ဆေးဝါးများကို လာအို ရဲတပ်ဖွဲ့က မကြာသေးခင်က ဖမ်းဆီးရမိခဲ့သည်။ လာအို ရဲတပ်ဖွဲ့သည် မက်သာဖက်တမင်း ဆေးပြား ၅၅ သန်းကျော်နှင့် ခရစ္စတယ် မက်သာဖက်တမင်း ၁ ဒသမ ၅ တန် ကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

မြန်မာ၊ ထိုင်း တို့နှင့်အကြား နယ်စပ် လာအိုမြောက်ပိုင်း  ဘိုကီယို အရပ်ဒေသ၌ လော်ရီကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာတွင် ကားပေါ်တွင် တင်ဆောင်လာသည့် ဘီယာဖာများအတွင်း အဆိုပါ တရားမဝင် မူးယစ်ဆေးများကို ဝှက်ကာ သယ်လာသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဒါဟာ "လက်ရှိအချိန်အထိ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ သမိုင်းမှာ အများဆုံးအဖြစ် မူးယစ်ဆေးဝါးတွေ ဖမ်းမိမှုကြီး ဖြစ်ပါတယ်" ဟု ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံး (UNODC) မှ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျရမီး ဒေါက်ဂလပ်စ်က ပြောသည်။

လက်ရှိအချိန်ထိ ၂၀၂၁ ခုနှစ်ထဲတွင် အရှေ့တောင်အာရှ၌ မူးယစ်ဆေးဖမ်းဆီးရမိမှု စံချိန်တင်အရေအတွက်ကို မြင်တွေ့ထားရပြီး မက်သာဖက်တမင်း ဆေးပြား ၁ သန်းနှင့် ခရစ္စတယ် မက်သ် ၁၀၀ ကီလို၊ ကီတာမင်းနှင့် ဘိန်းဖြူတို့ကို ဖမ်းမိထားခဲ့သည်။

ယခုအပတ်ထဲတွင် လာအို ရဲများသည် စီးနင်းဖမ်းဆီးမှုနှစ်ခုအတွင်း ယာဘ ဆေးပြား ၁၆ သန်းခန့်ကိုလည်း ဖမ်းမိထားခဲ့သည်။

ရွှေတြိဂံ ဒေသသည် အဓိက မူးယစ်ဆေးထုတ်လုပ်ရာ ဒေသအဖြစ် ကာလကြာ လူသိများခဲ့သော်လည်း ဖြန့်ဖြူးရေး အချိတ်အဆက်ကွန်ရက်များက ဂျပန် နှင့် နယူးဇီလန်အထိ ပေါက်ရောက်ပြီး မူးယစ်မှောင်ခိုကူးသူများသည် မြန်မာတွင် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပြီး မတည်မငြိမ် ဖြစ်နေသည့် အခြေအနေအပေါ် မကြာသေးခင်ကာလအတွင်း အခွင့်ကောင်းယူအသုံးချနေခဲ့ကြသည်။

"ဒါက ရွှေတြိဂံနဲ့ မြန်မာနိုင်ငံ ရှမ်းပြည်တို့မှာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ပျက်ပြားမှုနဲ့ သက်ဆိုင်နေပြီး ကူးစက်သက်ရောက်မှုက ဒေသအပေါ် ကျရောက်နေတာဖြစ်ပါတယ်" ဟု ဒေါက်ဂလပ်စ်က ပြောသည်။

မြန်မာတွင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာနိုင်သည့် အခြေအနေ ဆိုးကျိုးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂက မတ်လကတည်းက သတိပေးထားခဲ့သည်။

"ဖမ်းဆီးရမိမှုတွေက မေလနဲ့ ဇွန်လအကြား တကယ့်ကို များပြားခဲ့ပါတယ်၊ ဒါက မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ဖမ်းမိမှု သတင်းတွေ ကျွန်တော်တို့ စရတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်" ဟု ဒေါက်ဂလပ်စ်က ပြောသည်။

"ဒေသမှာ လူတွေအပေါ် ကျရောက်စေတဲ့ ထိခိုက်မှုက မခန့်မှန်းနိုင်အောင်ပါပဲ၊ မက်သာဖက်တမင်းဟာ အင်မတန် စွဲစေတတ်ပြီး ဖျက်ဆီးနိုင်တဲ့ မူးယစ်ဆေးပါ၊ လူ့အဖွဲ့အစည်းထဲ ရုန်းမထွက်နိုင်အောင် ဖြစ်တာနဲ့ ဒါက အဝေးကို လွင့်သွားမှာမဟုတ်ပါဘူး" ဟုလည်း ၎င်းက ပြောသွားသည်။

အာဏာသိမ်းမှုအလွန် အခြေအနေက မူးယစ်မှောင်ခိုကူးမှုအတွက် အကြိုက်တွေ့စရာ ဖြစ်နေသည်။ COVID-19 ကပ်ရောဂါဖြစ်ပွားချိန်တွင်တောင်မှ မူးယစ်မှောင်ခိုကူးသူများသည် အွန်လိုင်း မက်ဆေ့ချ် အက်ပ် များကနေတဆင့် ၎င်းတို့၏ လုပ်ငန်းများကို ဆက်လုပ်နေနိုင်ပြီး မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း အခြေအနေများကြောင့်လည်း မူးယစ်ဆေးတားဆီးနှိမ်နင်းရေး လုပ်ဆောင်ချက်များမှာ လုံးလုံးလျားလျား ရပ်တန့်လုနီးပါး ဖြစ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly