လွတ်ငြိမ်းခွင့်တွင်ပါသည့် မိတ္ထီလာ NLD လွှတ်တော်အမတ် မတရားအသင်းဆက်သွယ်မှုဖြင့် ပုဒ်မ အသစ်ထပ်တိုး၍ တရားစွဲဆိုခံရ

လွတ်ငြိမ်းခွင့်တွင်ပါသည့် မိတ္ထီလာ NLD လွှတ်တော်အမတ် မတရားအသင်းဆက်သွယ်မှုဖြင့် ပုဒ်မ အသစ်ထပ်တိုး၍ တရားစွဲဆိုခံရ

အောက်တိုဘာ ၂၈

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်မောင်မောင်သည် လွတ်ငြိမ်းခွင့်တွင် ပါဝင်ခဲ့သော်လည်း မတရား အသင်းဆက်သွယ်မှုဖြင့် ပုဒ်မအသစ်ထပ်တိုး၍ တရားစွဲဆိုခံထားရကြောင်း ၎င်းနှင့်ဆွေမျိုးနီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဦးလွင်မောင်မောင်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက် ညနေ ၆ နာရီ ဝန်းကျင်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သော်လည်း မိတ္ထီလာထောင်ဘူးဝရှေ့၌ပင် လက်ထိတ်ခတ်၍ ပြန်လည်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းနောက် အမှတ် (၁) မြို့နယ်ရဲစခန်းသို့ ၎င်းအားခေါ်ဆောင်သွားခဲ့ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် စစ်ကောင်စီလက်အောက်ခံ အမှတ် (၃) စခန်းမှူးမှ တရားလိုလုပ်ကာ ထပ်မံတရားစွဲလိုက်ခြင်း ဖြစ်သည်။

"သူ့ကို စပြီးဖမ်းတာ ၅၀၅ (က) နဲ့ ဖမ်းတာ၊ လွတ်ငြိမ်းထဲပါလာပြီးမှ ပြန်ဖမ်းခံရတာ။ အောက်တိုဘာလ ၇ ရက်မှာ CRPHနဲ့ ဆက်သွယ်တယ်ဆိုပြီး အမှတ် ( ၃ ) စခန်းမှူးက တရားလိုလုပ်ပြီး ၁၇/၁ နဲ့ ပုဒ်မ ထပ်တပ်တာ၊ လွတ်ငြိမ်းထဲ ပါလာပြီးမှတော့ သူ့ကိုလွတ်စေချင်တယ်။ သူ့ကို လေးလပိုင်းကတည်းက ဖမ်းသွားတာ ထောင်ထဲရှိနေတာ ဘာမှလည်း လုပ်လို့မရတာကို ဒီလိုတရားမစွဲသင့်ဘူး"ဟု ၎င်းနှင့်ဆွေမျိူးနီးစပ်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

မိတ္ထီလာအကျဉ်းထောင်တွင် နိုင်ငံ‌ရေးအကျဉ်းသား ၃၈ ဦး ရှိသည့်အနက် ၂၈ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်တွင်ပါသည့် ဦးလွင်မောင်မောင်အပါအဝင် NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ၁၁ ဦးအား အမှတ်(၁)ရဲစခန်းတွင် ဖမ်းဆီးထားပြီး နိုဝင်ဘာလ ၂ ရက်နေ့တွင် တရားရုံးတင်မည်ဖြစ်ကြောင်း သိရသည်။

"ဥပဒေကို လက်တစ်လုံးခြား လုပ်တာပေါ့။ အမှုတစ်ခုလွတ်တာနဲ့ အသစ်ပုံစံပြန်လုပ်တာ ။ ဦးလွင်မောင်မောင်ကို သူတို့မလွှတ်ပေးချင်လို့ ဥပဒေနဲ့ မညီဘဲ ပုဒ်မတပ်တာပါ"ဟု CDM ပြုလုပ်ထားသော တရားသူကြီး ဦးကောင်းမြတ်သူက ပြောသည်။

ဦးလွင်မောင်မောင်အား မတ်လတွင် မြို့မရဲစခန်းက ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခဲ့ပြီးနောက်ပိုင်း ၎င်းသည် တိမ်းရှောင်နေခဲ့သည်။

ထို့နောက် ၎င်း၏ ဇနီးနှင့်ကလေးဖြစ်သူတို့မှ ယောက္ခမနေအိမ်သို့ သွားနေစဉ် ၎င်း၏နေအိမ်၌ တစ်ဦးတည်းကျန်ခဲ့သည့် မိခင်ထံ ခေတ္တပြန်လာသည့်အချိန် အကြမ်းဖက် စစ်‌ကောင်စီတပ်သားများမှ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ည ၉ နာရီခန့်တွင် ဖမ်းဆီး၍ မိတ္ထီလာထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required