လာမည့် အာဆီယံအစည်းအဝေးများ၌ မြန်မာ တက်မတက် ဆိုသည်က 'ဒေါ်လာတစ်သန်းတန် မေးခွန်း' ဟု မလေးရှား ပြော

လာမည့် အာဆီယံအစည်းအဝေးများ၌ မြန်မာ တက်မတက် ဆိုသည်က 'ဒေါ်လာတစ်သန်းတန် မေးခွန်း' ဟု မလေးရှား ပြော

အောက်တိုဘာ ၂၈

ယခုအပတ်ထဲ ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးများ၌ နိုင်ငံရေးပိုင်းက မဟုတ်သည့် ကိုယ်စားလှယ်တစ်ဦးကို မြန်မာအာဏာသိမ်းစစ်ကောင်စီဘက်က တက်ရောက်စေခဲ့ခြင်း မရှိသည့်နောက် နောက်လာမည့် အာဆီယံအစည်းအဝေးများတွင် မြန်မာ တက်မတက် ဆိုသည်က ရှင်းရှင်းလင်းလင်း မရှိသေးဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၂၈ ရက်တွင် ပြောကြားသည်။

နောက်လာမည့် အာဆီယံအစည်းအဝေးများ၌ မြန်မာသည် အဖွဲ့ဝင်အဖြစ် ဆက်လက် ပါဝင်တက်ရောက်မည်လား ဆိုပြီး သတင်းစာရှင်းလင်းပွဲတစ်ခု၌ မေးမြန်းမှုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက "အဲဒါက ကျွန်တော် မဖြေနိုင်တဲ့ ဒေါ်လာတစ်သန်းတန် မေးခွန်းပဲ" ဟု ပြောခဲ့သည်။

ထို့ပြင် ယခု အာဆီယံအစည်းအဝေး၌ မြန်မာ မပါခြင်းက အာဆီယံ၏ အပြစ်မဟုတ်ဘဲ မြန်မာ (အာဏာသိမ်းစစ်ကောင်စီ) ၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း ၎င်းက အလေးပေးပြောသွားခဲ့သည်။

တချိန်တည်းမှာပင် အာဆီယံအဖွဲ့သည် တရုတ်နှင့်အကြား ဆက်ဆံရေးကို ပြည့်စုံကျယ်ပြန့်သည့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု လယ်ဗယ်ကို မြှင့်တင်ရန် သဘောတူခဲ့ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းက အောက်တိုဘာ ၂၈ ရက်တွင် ပြောခဲ့သည်။ ယင်းမတိုင်မီ တစ်ရက်ကလည်း အာဆီယံသည် သြစတြေးလျနှင့်အကြား အလားတူ သဘောတူညီချက်တစ်ခု ရထားခဲ့သည်။

ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို ဖော်ဆောင်ရန် ပျက်ကွက်မှုအတွက် မြန်မာကို အာဆီယံကနေ ထုတ်ပယ်မလား ဆိုသည့် မေးခွန်းကို ဘရူနိုင်းဘုရင် ဆူလ်တန် ဟာဆန်နယ် ဘိုကီးယားက ဖြေကြားရာတွင် အာဆီယံ၌ မြန်မာ၏ အဖွဲ့ဝင်ဖြစ်မှုက မည်သည့်အခါကမှ စဉ်းစားဖွယ်ရာ မဖြစ်ခဲ့ကြောင်းနှင့် မြန်မာသည် အာဆီယံမိသားစု၏ သီးခြားခွဲမရသည့် အဖွဲ့ဝင်တစ်နိုင်ငံဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly