ပုသိမ်ကြီးမြို့နယ်က ဒလန်ဟုနာမည်ထွက်နေသူ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ပုသိမ်ကြီးမြို့နယ်က ဒလန်ဟုနာမည်ထွက်နေသူ ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

အောက်တိုဘာ ၂၈

မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာလ ၂၈ရက် နံနက်ပိုင်းက ဒလန်ဟုနာမည်ထွက်နေသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး နားထင်ကိုသေနတ်ဖြင့်တေ့ပစ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံက သတင်းရရှိသည်။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာမှကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၄၀ကျော်အရွယ် ဦးကြည်အောင် ဆိုသူကို ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်တချို့က သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်ကြောင်းသိရသည်။

“နားထင်ကို သေနတ်နဲ့တေ့ပြီး ပစ်သတ်သွားတာလို့ပြန်သိရတယ်ဗျ။ ဒီလူကဒလန်ပါ။ ဒလန်မို့လို့လည်းဒလန်ရှင်းလင်းရေးထဲ ပါသွားတာပါ” ဟု ပုသိမ်ကြီးမြို့နယ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

၎င်းကို ယနေ့ နံနက် ၈ နာရီကျော်အချိန်ခန့်က ကျေးရွာအတွင်း၌ သေနတ်ဖြင့် သုံးချက်ဆက်တိုက်ပစ်သတ်သွားခြင်းဖြစ်ကြောင်းသိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ပုသိမ်ကြီးမြို့နယ် တော်လှန်ရေးအင်အားစု(Patheingyi Revolution Force-PRF)နှင့် မြို့ပြ ပြောက်ကျားအထူးတပ်ဖွဲ့(Urban Guerrilla Special Force-UGSF)တို့က ၎င်းတို့လက်ချက် ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။

၎င်းတို့အနေနှင့် စစ်တပ်သတင်းပေး ဒလန်လုပ်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စစ်တပ်ထောက်တိုင်များအား အများပြည်သူရှေ့၌ပင် အပြစ်ပေးသွားမည်ဟု သတိပေးထားပြီး သတိပေးထားသည့်ကြားက စစ်ကောင်စီသတင်းပေးဆက်လုပ်နေသဖြင့် သုတ်သင်လိုက်ခြင်းဖြစ်‌သည်ဟု ဆိုသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ကြာနီကန်ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး သုတ်သင် ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly