ခရီးသွားဧည့်သည်တွေကို ပြန်လည်ကြိုဆိုရေး ထိုင်းနိုင်ငံ ပြင်ဆင် 

ခရီးသွားဧည့်သည်တွေကို ပြန်လည်ကြိုဆိုရေး ထိုင်းနိုင်ငံ ပြင်ဆင် 

အောက်တိုဘာ ၂၈

COVID-19 ခရီးသွားကန့်သတ်ချက်တွေ ၁၈ လကြာ ချမှတ်ထားခဲ့တဲ့ ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၁ ရက်စလို့ အပြည့်အဝ ကာကွယ်ဆေး ထိုးပြီးတဲ့ ဧည့်သည်တွေကို လက်ခံခွင့်ပြုတော့မှာ ဖြစ်တာကြောင့် ဟိုတယ်တွေ၊ လမ်းဘေးစားသောက်ဆိုင်တွေနဲ့ တုတ်တုတ်ယာဉ်တွေဟာ ဘန်ကောက်ကို ရောက်လာတော့မယ့် ခရီးသွားဧည့်သည်တွေအတွက် ပြင်ဆင်စိုင်းပြင်းနေကြပြီ ဖြစ်ပါတယ်။ 

ကပ်ဘေးမတိုင်ခင်က ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်အများဆုံး လာရောက်ရာဖြစ်ခဲ့တဲ့ ပူအိုက်စိုစွတ်တဲ့ ဘန်ကောက်မြို့ဟာ အရင်လို လူသွားလူလာ ရှုပ်ထွေးပြီး မူးယစ်သောက်စားရာ မြို့ ပြန်ဖြစ်လာတော့မယ်လို့ ပညာရှင်တွေက ပြောပါတယ်။ 

ထိုင်းနိုင်ငံဆီ ဧည့်သည် ဝင်ရောက်မှုနှုန်းဟာ ၂၀၁၉ ခုနှစ်က သန်း ၄၀ ကျော် ရှိခဲ့ရာကနေ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ၂၀၂၁ ပထမရှစ်လမှာ ၇၃၀၀၀ လောက်ပဲ ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရတဲ့ နိုင်ငံအနေနဲ့ နှစ်နှစ်ဆယ်အတွင်း အဆိုးဆုံး ဖြစ်ခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ဖြစ်ပွားသူနှုန်း တစ်နေ့ကို လူ ၁၀၀၀၀ လောက် စံချိန်တင် ရှိနေဆဲဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံခွင့်ရှိသူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းပဲ ကာကွယ်ဆေး ထိုးရသေးတာ ဖြစ်ပေမယ့် နိုင်ငံစီးပွားရေးရဲ့ ငါးပုံတစ်ပုံကို ရှာဖွေပေးနေတဲ့ ဒီ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်ပြီး အသက်ဝင်ဖို့ အာဏာပိုင်တွေဟာ အရဲစွန့်လုပ်ဆောင်နေတော့တာပဲ ဖြစ်ပါတယ်။ 

ဗိုင်းရပ်စ် ပြန့်နှံ့နေပေမယ့် တင်းကြပ်တဲ့ ကွာရန်တိုင်းစည်းမျဉ်းတွေကြောင့် ဘားနဲ့ ကမ်းခြေတွေဆီ ခရီးသွားဧည့်သည်တွေ လာရောက်မှုကို ဆွဲဆောင်နိုင်မယ်ဆိုပြီး အစိုးရက မျှော်လင့်ထားပါတယ်။ 

“လာမယ့် နှစ်လယ်လောက်ဆို ခရီးသွားလုပ်ငန်းဟာ ပုံမှန်ဆီ ပြန်ရောက်လာလိမ့်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်”လို့ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးရုံး ပြောခွင့်ရသူ ပွန်ဆာခွန်က ပြောပါတယ်။ 

မတ်လအထိ ခရီးသွား တစ်သန်း ရောက်ရှိပြီး ၂၀၂၂ တစ်နှစ်လုံးမှာ ဘဏ္ဍာဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့် ဖော်ဆောင်နိုင်မယ်လို့ ထိုင်းနိုင်ငံအနေနဲ့ မျှော်မှန်းနေပါတယ်။ 

ဘန်ကောက်မြို့တော်ဟာ ခရီးသွားဧည့်သည် လာရောက်မှု အများဆုံးအဖြစ် ၂၀၁၈ က ပါရီနဲ့ လန်ဒန်တို့ ကျော်ဖြတ်ခဲ့တာ နောက်ထပ်လေးနှစ် ဆက်တိုက်ပဲ ဖြစ်ကြောင်း Mastercard’s Global Destination Cities Index အရ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly