အာဖဂန်တွင် တာလီဘန်တို့က အသေခံဗုံးခွဲသမားများ၏ မိသားစုများကို ဆုငွေများပေးပြီး မြေကွက်များလည်း ပေးမည်ဟု ကတိပြု

By Khaama
28 October 2021
အာဖဂန်တွင် တာလီဘန်တို့က အသေခံဗုံးခွဲသမားများ၏ မိသားစုများကို ဆုငွေများပေးပြီး မြေကွက်များလည်း ပေးမည်ဟု ကတိပြု

အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရအဖွဲ့၏ ခေတ္တပြည်ထဲရေးဝန်ကြီး ဆာရာဂျူဒင် ဟက်ကာနီသည် ယင်းနိုင်ငံ၌ ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်စုအတွင်း နိုင်ငံခြားတပ်ဖွဲ့ဝင်များနှင့် အာဖဂန်တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အသေခံဗုံးခွဲသမားများ၏ ကျန်ရစ်သူမိသားစုများနှင့် တွေ့ဆုံပြီး အားပေးမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

အသေခံဗုံးခွဲသမားတို့၏ ကျန်ရစ်သူ မိဘများကို ကဘူးလ်မြို့ရှိ ဇိမ်ခံဟိုတယ် Intercontinental တွင် စုဝေးတက်ရောက်ရန် တာလီဘန်အစိုးရတာဝန်ရှိသူတို့က ဖိတ်ခေါ်ခဲ့သည်။ ထို ဟိုတယ်သည် ယခင်ဆယ်စုနှစ်နှစ်ခုအတွင်း တာလီဘန်တို့၏ အသေခံဗုံးခွဲသမားများက ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ခဲ့သည့် ဟိုတယ်လည်း ဖြစ်သည်။

Intercontinental ဟိုတယ်တွင် စုဝေးတက်ရောက်လာသည့် ကျန်ရစ်သူ မိဘများကို အာဖဂန်ငွေ ၁၀,၀၀၀ (ကန်ဒေါ်လာ ၁၁၀) နှင့် အဝတ်အထည်များ အသီးသီး ပေးခဲ့သလို မိသားစုတစ်စုလျင် မြေကွက်တစ်ကွက်စီ ပေးမည်ဟုလည်း တာလီဘန် ပြည်ထဲရေးဝန်ကြီးက ကတိပြုခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆာအိဒ် ခိုစတိုင်က တွစ်တာတွင် ရေးခဲ့သည်။

ထို့ပြင် အသေခံဗုံးခွဲသမားများကို အစစ်အမှန် သူရဲကောင်းများအဖြစ် ချီးကျူးခဲ့သည်ဟုလည်း ဆာအိဒ် ခိုစတိုင်က ပြောသည်။

ဓာတ်ပုံများတွင် မျက်နှာဖုံးကွယ်ထားသည့် တာလီဘန် ခေတ္တပြည်ထဲရေးဝန်ကြီး ဆာရာဂျူဒင် ဟက်ကာနီသည် ပြီးခဲ့သည့် ၁၅ နှစ်အတွင်း အာဖဂန်နစ္စတန်တွင် အသေခံတိုက်ခိုက်မှုအားလုံးနီးပါးကို လုပ်ထားခဲ့သည့် ဟက်ကာနီ ကွန်ရက်၏ ခေါင်းဆောင်လည်း ဖြစ်သည်။

၎င်းသည် အမေရိကန်၏ အမည်ပျက်စာရင်းတွင် ရှိနေကာ ၎င်းအတွက် ဆုကြေး ဒေါ်လာ ၅ သန်းလည်း ထုတ်ထားသည်။

ကဘူးလ်မြို့သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း တာလီဘန်တို့ အသေခံတိုက်ခိုက်မှုများကို လုပ်ထားခဲ့သည့် မြို့တစ်မြို့ ဖြစ်ပြီး ယင်းတိုက်ခိုက်မှုများကြောင့် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားတပ်ဖွဲ့ဝင်များ၊ အာဖဂန်တပ်ဖွဲ့ဝင်များအပြင် အရပ်သားထောင်ချီ သေဆုံး၊ဒဏ်ရာရမှုများကို ဖြစ်ပေါ်ထားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly