အလုပ်အကိုင်ရရှိရေး မျှော်မှန်းရင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာများ ထပ်မံ ဖမ်းဆီးခံနေရ

အလုပ်အကိုင်ရရှိရေး မျှော်မှန်းရင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာများ ထပ်မံ ဖမ်းဆီးခံနေရ

အောက်တိုဘာ ၂၇

အလုပ်အကိုင် ရရှိနိုင်ရေး မျှော်မှန်းပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသားများ နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီးခံရမှုများ ရှိနေပြီး ယမန်နေ့ အောက်တိုဘာ ၂၆ ရက်တွင်လည်း ထိုင်းနိုင်ငံအလယ်ပိုင်း ပရာကျော့ ခီရီခံ နှင့် မြောက်ပိုင်း ချင်းမိုင်ခရိုင်တို့ထဲ တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား အလုပ်အကိုင်ရှာသူ ၇၉ ဦးကို ထိုင်း နယ်စပ်ကင်းလှည့်အဖွဲ့များက တွေ့ရှိ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပရာကျော့ ခီရီခံတွင် နယ်စပ်ဖြတ်ကျော်နေရာတစ်ခုအနီး အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း မြန်မာ ၂၇ ဦးကို တွေ့ရှိဖမ်းဆီးခဲ့ရကြောင်း မူအန်းရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။

အလားတူ ချင်းမိုင်တွင်လည်း အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၃၃ ဦး၊ စုစုပေါင်း ၅၂ ဦးပါ အဖွဲ့တစ်ဖွဲ့ ဖမ်းဆီးခံရပြီး ၎င်းတို့သည် အလုပ်ရရန်အတွက် ဘန်ကောက်သို့ ဦးတည်သွားခဲ့ကြခြင်းဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများကို ပြောခဲ့သည်ဟု သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများကို အပူချိန် တိုင်းတာစစ်ဆေးကာ ဥပဒေဆိုင်ရာ အရေးယူဆောင်ရွက်မှုများ လုပ်ပြီး မူလနေရပ်ပြန်ပို့ရန် ထိုင်းတာဝန်ရှိသူများက စီစဉ်လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသား အလုပ်အကိုင်ရှာသူ ရာချီ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံထားရပြီး နောက်ထပ် ထောင်နှင့်ချီတို့သည်လည်း ထိုင်းနိုင်ငံထဲ ခိုးဝင်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေကြောင်း ပြောဆိုမှုများ ရှိနေခဲ့ပြီးနောက် ထိုင်း လုံခြုံရေးတပ်ဖွဲ့များသည် မြန်မာနှင့်အကြား နယ်စပ်တလျှောက် ကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်ဟု သိရသည်။

အလားတူ အောက်တိုဘာ ၂၆ ရက် ညပိုင်းကလည်း ထိုင်းနိုင်ငံ ဆိုင်ယော့ခရိုင်တွင် မြန်မာနိုင်ငံသား အလုပ်အကိုင်ရှာသူ ဆယ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

၎င်းတို့သည် ဆမွတ်ဆာခွန်းတွင် အလုပ်လုပ်ရန်အတွက် မြန်မာပွဲစားများကို တစ်ဦးလျင် ဘတ် ၁၈,၀၀၀ စီ ပေးခဲ့ရသည်ဟု သိရသည်။

၎င်းတို့ကို ဥပဒေအရ အရေးယူရန် သက်ဆိုင်ရာ ရဲဌာနသို့ လွှဲပြောင်းပေးထားသည်ဟု သိရသည်။

အောက်တိုဘာ ၁၈ ရက်နှင့် ၂၅ ရက်အကြား မြန်မာနိုင်ငံသား အလုပ်ရှာသူ ၄၅၇ ဦး (အမျိုးသား ၂၅၁ ဦး၊ အမျိုးသမီး ၂၀၆ ဦး) တို့ ကန်ချာနဘူရီ ပြည်နယ်ထဲ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly