မြင်းမူမြို့နယ်ရှိ နေရာ ၂ခုတွင် စစ်ကားများမိုင်းဆွဲတိုက်ခိုက်ခံရ၊ သေဆုံးသူနှင့်ဒဏ်ရာရရှိသူအများအပြားရှိဟုဆို

မြင်းမူမြို့နယ်ရှိ နေရာ ၂ခုတွင် စစ်ကားများမိုင်းဆွဲတိုက်ခိုက်ခံရ၊ သေဆုံးသူနှင့်ဒဏ်ရာရရှိသူအများအပြားရှိဟုဆို

အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ယနေ့ နံနက် ၆နာရီခန့်က မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ ဦးတည်သွားနေသော စစ်ကောင်စီကား ၁၃ စီးကို မြင်းမူမြို့နယ်အတွင်း နေရာနှစ်ခုတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သေဆုံးသူနှင့် ဒဏ်ရာရရှိသူ အများအပြား ရှိသည်ဟု မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ဝင်က ပြောသည်။

စစ်ကိုင်းဘက်သို့ စစ်ကောင်စီကား ၁၃ စီးမောင်းနှင်သွားနေစဉ် စစ်ကား ငါးစီးအား မိုင်းခွဲ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ခန့် သေဆုံးသွားသည်ဟု မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့က ယနေ့အောက်တိုဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဘိုးမင်းကြီးကင်းကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြားတွင် စစ်ကား လေး စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊အလ္လကပ္ပကျေးရွာနှင့် ဝင်းပြည့်ကျေးရွာကြားတွင် စစ်ကား တစ် စီးကို မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ဝင်က ပြောသည်။

"ဖြစ်စဉ်နှစ်ခုပေါင်းအတွက် မိုင်း ၁၆လုံးနဲ့ တိုက်ခဲ့တာ။ တစ်နေရာကို ရှစ်လုံးစီ။ ခွေး (စစ်ကောင်စီတပ်သား) ၁၀ကောင်ကျတယ် ။ အများအပြား ဒဏ်ရာရသွားတယ်" ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

အဆိုပါ ရွာလေးရွာမှာ ရွာချင်းဆက်နေသည့် ရွာများဖြစ်ပြီး မိုင်းခွဲခဲ့သည့် ဖြစ်စဉ်နှစ်ခုမှာ တစ်ချိန်တည်းဖြစ်ခဲ့သည်ဟု ဆိုသည်။

ဖြစ်စဉ်အတွင်း ဒေသခံ PDF အဖွဲ့ဘက်ကလည်း တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Black Eagle Defence Force-MMUအဖွဲ့က ဦးဆောင်ပြီး Myin Mu Defence Force၊ မြင်းမူလျှပ်စီး‌ေပြာက်ကျားအဖွဲ့၊ People Defence Force Myin Mu-MMPDF၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOMနှင့် Myaung Special People`s Defence Force-MSPDFအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required