ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းမှုကို စစ်ကောင်စီက ကြိုဆိုထောက်ခံခြင်းမရှိဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ တွင် တင်ပြ

ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းမှုကို စစ်ကောင်စီက ကြိုဆိုထောက်ခံခြင်းမရှိဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ တွင် တင်ပြ

အောက်တိုဘာ ၂၇

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းမှုကို စစ်ကောင်စီက ကြိုဆိုထောက်ခံခြင်းမရှိကြောင်းနှင့် သတင်းစီးဆင်းမှု၊ အင်တာနက်မှ သတင်းရရှိမှုတို့ကို ဖြတ်တောက်၍ စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုတို့အား အင်တာနက်မှတစ်ဆင့် ပျံ့နှံ့မှု မဖြစ်စေရေး ဆောင်ရွက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလ ညီလာခံ၏ စတုတ္ထကော်မတီအစည်းအဝေး၌ တင်ပြခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ စတုတ္ထကော်မတီအစည်းအဝေး၌ အထွေထွေရေးရာပူးတွဲဆွေးနွေးမှုကို ကျင်းပလျက်ရှိရာ အောက်တိုဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့တင်ပြခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက ယမန်နေ့ အောက်တိုဘာ ၂၆ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်၏ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းမှုနှင့် စေ့စပ်ဆောင်ရွက်မှုတို့ကို မြန်မာစစ်တပ်က ကြိုဆိုခြင်းမရှိဘဲ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့ သွားရောက်ရန် မေတ္တာရပ် ခံချက်များကိုလည်း အာဏာသိမ်းစစ်တပ်က အကြိမ်ကြိမ်ငြင်းပယ်ခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့သည်။

ရိုဟင်ဂျာများ၏ အခွင့်အရေးများနှင့် ပတ်သက်၍လည်း ထုတ်ဖော်ပြောကြားခဲ့ပြီး အာဏာသိမ်းစစ်တပ်၏ ရက်စက် ကြမ်းကြုတ်သော လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချသကဲ့သို့ မြန်မာနိုင်ငံဒီမိုကရေစီပြုပြင် ပြောင်းလဲရေး အတွက် ကြိုးပမ်းခဲ့သည့် ကုလအထူးကိုယ်စားလှယ်၏ ဆောင်ရွက်ချက်အပေါ် အသိအမှတ်ပြုကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

ထို့ပြင် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သည်ဟုယူဆသော အင်တာနက်စာမျက်နှာများကို ပိတ်သိမ်းခြင်းနှင့် သတင်းဌာနများကို မှတ်ပုံတင်ရုပ်သိမ်းကာ သတင်းထောက်များကို ပစ်မှတ်ထား ဖမ်းဆီးပြီး မီဒီယာ ဖိနှိပ်များကိုလည်း ဆက်တိုက်လုပ်ဆောင်နေသည်ဟု အစည်းအဝေးတွင် ဦးကျော်မိုးထွန်းက တင်ပြခဲ့သည်။

ပြည်တွင်းတွင် လုပ်ကိုင်နေသော ဆက်သွယ်ရေး အော်ပရေတာများအား ဖုန်းလိုင်း၊ အင်တာနက်လိုင်းများမှတစ်ဆင့် သတင်း အချက်အလက်များ ကြားဖြတ်ရယူရန် ဖိအားပေးလျက်ရှိခြင်းကြောင့် မြန်မာနိုင်ငံသည် အခြေခံကျသည့် သတင်းအချက်အလက်ရရှိမှုနှင့် ပတ်သက်၍ ကမ္ဘာ့ အဆိုးရွားဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့သည်ဟု ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required