လက်လုပ်မိုင်းတပ်ဆင်ရင်း ပေါက်ကွဲမှုကြောင့် ပြောက်ကျားအဖွဲ့ ခေါင်းဆောင် ကျဆုံး

By ဂန္ဒမာ
27 October 2021
လက်လုပ်မိုင်းတပ်ဆင်ရင်း ပေါက်ကွဲမှုကြောင့် ပြောက်ကျားအဖွဲ့ ခေါင်းဆောင် ကျဆုံး

အောက်တိုဘာ ၂၇

ပြောက်ကျားအဖွဲ့တစ်ခုက စစ်ဆင်ရေးပြုလုပ်ရာတွင် အသုံးပြုမည့် လက်လုပ်မိုင်းအား ယမန်နေ့ အောက်တိုဘာလ ၂၆ ရက် မနက် ၃ နာရီအချိန်ခန့်က စစ်ဆေးနေစဉ် ပေါက်ကွဲခဲ့ရာ အဖွဲ့ခေါင်းဆောင်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

"နှစ်ယောက် ပစ္စည်းဆင်နေရင်းနဲ့ ထပေါက်တာ၊ ပစ္စည်းသွားထားမယ့်အချိန်က မနက် ၃နာရီခွဲပါ။ မနက်၃နာရီမှာ ပစ္စည်းပြန်စစ်ဆေးရင်း ပေါက်ကွဲမှု ဖြစ်သွားတာပါ။ အတော် စိတ်မကောင်းစရာအဖြစ်ပါ။ အဖွဲ့အတွက် ရဲဘော်ကောင်းတစ်ဦး ဆုံးရှုံးမှုပါ"ဟု ၎င်းပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

၎င်းတို့အဖွဲ့မှာ ငွေကြေးအင်အားနည်းပါးသောကြောင့် အသင့်ပြုလုပ်ပြီးမိုင်းများ အသုံးမပြုနိုင်ဘဲ လက်လုပ်မိုင်းကိုသာ အဓိကထား အသုံးပြုရသည့်အတွက် လူ၏အသက် ပေးဆပ်လိုက်ရသည့် အဖြစ်မျိုးရောက်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။ ဒဏ်ရာရရှိသူ ရဲဘော်ကို အချိန်မီ အသက်ကယ်နိုင်ခဲ့ကြောင်းသိရသည်။

ကျဆုံးသူမှာ မြို့နယ်ခွဲတစ်ခု၏ ပြောက်ကျားအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ၎င်း၏မိခင်မှာလည်း COVID-19 တတိယလှိုင်းတွင် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။ ၎င်းသည် နိုင်ငံနှင့်ပြည်သူအပေါ် တာဝန်ကျေခဲ့သည်ဟု ပြောက်ကျားအဖွဲ့ဝင်များက ပြောသည်။

အဆိုပါ ပေါက်ကွဲမှု‌ကြောင့် ကျဆုံး၊ ထိခိုက်ခဲ့သည့် ရဲဘော်အမည်များ၊ အဖွဲ့အမည်နှင့် အခင်းဖြစ်ရာနေရာများကို မဇ္ဈိမက စုံစမ်းသိရှိရသော်လည်း ထည့်သွင်းဖော်ပြမထားခြင်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required