ပါကစ္စတန်၏ ဆင်းန်ပြည်နယ်တွင် ကုန်စျေးနှုန်းတက်မှုအတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်

ပါကစ္စတန်၏ ဆင်းန်ပြည်နယ်တွင် ကုန်စျေးနှုန်းတက်မှုအတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံ ဆင်းန်ပြည်နယ်တွင် ရေနံထုတ်ကုန်များနှင့် ဂျုံမှုန့်စျေးနှုန်းတို့ မြင့်တက်နေခဲ့ပြီးနောက် အောက်တိုဘာ ၁၈ ရက်တွင် ပြည်နယ်အတွင်းရှိ မြို့ကြီးတချို့၌ ယင်းနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံရေးပါတီတချို့၏ ပါတီဝင်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်များသည် မြို့ကြီးတချို့နှင့် ခရိုင်ဒေသတချို့တွင် စုဝေးမှုတစ်ခု ပြုလုပ်ခဲ့ပြီး ရေနံထုတ်ကုန် စျေးနှုန်းများ မြင့်တက်မှုအပေါ် ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်ဟု Dawn သတင်းစာက ဖော်ပြသည်။

စျေးနှုန်း မြင့်တက်မှုများကို ချက်ချင်း ပြန်ချပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။ ထို့ပြင် အာဏာရ ပါကစ္စတန် တေရက် အီ အင်ဆက်ဖ် (PTI) အစိုးရသည် အာဏာရပြီးနောက်ပိုင်း ရေနံထုတ်ကုန်များနှင့် စားဖွယ်ပစ္စည်းများ၏ စျေးနှုန်းများကို ပုံမှန်လိုလို တိုးမြှင့်ထားခဲ့သည်ဟု ၎င်းတို့က ပြောသည်။

လောင်စာဆီနှင့် အခြားသော ပစ္စည်းများ မကြာသေးခင်က နှုန်းထားမြင့်တက်မှုနှင့်ပတ်သက်ပြီး အီမရန် ခန်း အစိုးရကို ပြစ်တင်ရင်းဖြင့် ပါကစ္စတန် ဒီမိုကရက်တစ် လှုပ်ရှားမှု (PDM) အဖွဲ့က (PTI) အစိုးရကို ဆန့်ကျင်ပြီး နိုင်ငံတဝန်း လှုံ့ဆော်ဆန္ဒပြမှုတစ်ခု လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်ကို အတိုက်အခံ ခေါင်းဆောင် ရှီဟ်ဘက်ဇ် ရှာရစ်ဖ် နှင့် PDM အကြီးအကဲ မော်လာနာ ဖက်ဇ်လာ ရာမန် တို့ ဖုန်းဆက်ဆွေးနွေးမှုတစ်ခုအတွင်း ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု Samaa TV က ဖော်ပြသည်။

ရေနံ စျေးနှုန်းများ မြင့်တက်ခြင်းအပြင် (PTI) အစိုးရသည် နိုင်ငံတွင် လျှပ်စစ်နှင့် ဓာတ်ငွေ့ အခွန်အခများကိုလည်း တိုးမြှင့်ထားခဲ့သည်။ စားဆီနှင့် ဂီး (ghee) ထောပတ် စျေးနှုန်းများ ထိုးတက်ထားခဲ့သလို တချိန်တည်းမှာပင် စားသောက်ကုန် စျေးနှုန်းများနှင့် စွမ်းအင်ဆိုင်ရာ ကျသင့်ငွေများ မြင့်တက်နေခြင်းတို့ကြောင့် ပါကစ္စတန်တဝန်း ပြည်သူများအကြား စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်ထားစေလျက် ရှိသည်။

PDM အနေဖြင့် နိုင်ငံတွင် ငွေကြေးဖောင်းပွမှု မြင့်တက်နေမှုအပေါ် နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြမှုများကို စီစဥ်သွားမည်ဟု ဖုန်းဆက်ဆွေးနွေးစဥ်အတွင်း ရှီဘက်ဇ် နှင့် ဖက်ဇ်လာ ရာမန်တို့အကြား သဘောတူခဲ့သည်။ ကုန်စျေးနှုန်းများမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ စီးပွားရေးဘေးဒုက္ခဆိုး ကြုံရမှုတို့နှင့်ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် ပြည်သူများ လမ်းများပေါ်သို့ ထွက်လာရန် လိုကြောင်း ခေါင်းဆောင်နှစ်ဦးက ထုတ်ဖော်ခဲ့သည်။

ပါကစ္စတန် ပြည်သူ့ပါတီ (PPP) ဥက္ကဋ္ဌ ဘီလာဝယ်လ် ဘူတို ဇာဒါရီကလည်း "ပြည်သူကို ဆန့်ကျင်သည့်" မူဝါဒများနှင့်ပတ်သက်ပြီး အီမရန်ခန်း အစိုးရအပေါ် အောက်တိုဘာ ၁၇ ရက်က အပြင်းအထန် ဝေဖန်ခဲ့ပြီး အာဏာရ (PTI) အစိုးရ ပြုတ်မကျမချင်း အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ဆက်လုပ်မည်ဟု ကတိပြုခဲ့သည်။

"ဒီအစိုးရအတွက် တာဝန်ကနေ ထွက်ခွာဖို့ အမှတ်စဥ် ရေတွက်မှု စနေပြီလို့ ကျွန်တော် အီမရန် ခန်းကို သတိပေးပါတယ်" ဟု ဘီလာဝယ်က ကရာချိမြို့ စုဝေးပွဲတစ်ခုတွင် ပြောခဲ့ကြောင်း The Express Tribune က ဖော်ပြသည်။ ပါကစ္စတန်တွင် ရေနံထုတ်ကုန်စျေးနှုန်းများ မကြုံစဖူး မြင့်တက်မှုကို ချက်ချင်းပြန်ပယ်ဖျက်ပေးရန် အတိုက်အခံပါတီများက တောင်းဆိုနေစဥ် ယင်းပြောကြားချက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန် PPP ပါတီ နှင့် မွတ်ဆလင် အဖွဲ့ချုပ်-နာဝက်ဇ် PML-N တို့က ကုန်စျေးနှုန်းများ မြင့်တက်မှုအတွက် လမ်းပေါ်ထွက် ဆန္ဒပြမည်ဟု ကတိပြုခဲ့သော်လည်း ရက်အတိအကျကို ထုတ်ဖော်ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly