တရုတ်တွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅ ဦးအထိ မြင့်တက်လာ

တရုတ်တွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅ ဦးအထိ မြင့်တက်လာ

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ လောင်နင်းပြည်နယ်၊ ဆန်းယန်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဖြစ်ပွား ခဲ့သော ဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက် ၅ ဦး အထိမြင့်တက်လာခဲ့ပြီး ဒဏ်ရာရသူ အရေအတွက်သည် ၄၇ ဦး အထိ ရှိလာကြောင်း တရုတ်အစိုးရ မီဒီယာက ဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၁ရက်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် အဆောက်အအုံ ၉၉ လုံး၊ အိမ်ထောင်စု ၁၈၅၈ စုနှင့် စတိုးဆိုင် ၉၃ ဆိုင်ကို ထိခိုက်ခဲ့သည်။ လက်ရှိတွင် ထိခိုက်မှုရှိသော အဆောက်အအုံ ၈၆ လုံးကို စစ်ဆေးပြီးနောက် ဘေးကင်းစွာနေထိုင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

အာဏာပိုင်များက ပျက်စီးဆုံးရှုံးမှုအားလုံးကို လျော်ကြေးပေးရန် ကတိပြုထားသည်ဟု Global Times ကို ကိုးကား၍ Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို အတည်မပြုရသေးသော်လည်း လက်ရှိပြုပြင်နေသော ဓာတ်ငွေ့ပိုက်လိုင်းစနစ်များနှင့် သက်ဆိုင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံအလယ်ပိုင်းဟူပေပြည်နယ် ရှီယန်တွင်လည်း ဇွန် ၁၃ ရက်က ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် လူ ၁၃ ဦး သေဆုံးပြီး အခြား ၁၃၈ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

စီးပွားရေးတိုက်ရိုက် ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၅ သန်းရှိခဲ့သည့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူ့ဝန်ထမ်း ၃၄ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း Global Times က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly