တောင်တရုတ်ပင်လယ်ပြဿနာအပေါ် ဖိလစ်ပိုင်ကတရုတ်ကို သံတမန်နည်းလမ်းဖြင့် ကန့်ကွက်မှုများ ပိုမိုလုပ်ဆောင်လာ

တောင်တရုတ်ပင်လယ်ပြဿနာအပေါ် ဖိလစ်ပိုင်ကတရုတ်ကို သံတမန်နည်းလမ်းဖြင့် ကန့်ကွက်မှုများ ပိုမိုလုပ်ဆောင်လာ

ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ် (SCS) ၌ တရုတ်၏ လုပ်ရပ်များကို ကန့်ကွက်မှုများ အရှိန်မြှင့်လျက်ရှိရာ လွန်ခဲ့သည့် ၅ နှစ် ကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ်အတွင်း သံတမန်ရေးအရ ကန့်ကွက်မှု အရေအတွက် အများဆုံးဖြစ်ကြောင်း မီဒီယာ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ဖိလစ်ပိုင်၏ လှုပ်ရှားမှုသည် ၎င်းနှင့် တရုတ်ဆက်ဆံရေးတွင် ပိုမိုတင်းမာသော ရပ်တည်ချက်ကို အရိပ်အမြွက် ပြသခဲ့ကြောင်း Free Asia (RFA) က ဖော်ပြသည်။

တောင်တရုတ်ပင်လယ်၌ တရုတ်၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး တင်သွင်းသည့် သံတမန်ရေးမှတ်ချက် ၂၁၁ စောင်အနက် ၁၅၃ စောင်ကို ၂၀၂၁ ခုနှစ်တည်းမှာပင် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံခြားရေးရာဌာန (DFA) ကိုကိုးကား၍ဖိလစ်ပိုင်သတင်းအေဂျင်စီက အောက်တိုဘာ ၂၂ ရက်ကဖော်ပြခဲ့သည်။

နိုင်ငံ၏ရေပြင်တွင် ကင်းလှည့်နေသော ဖိလစ်ပိုင်အာဏာပိုင်များအား ဆန့်ကျင်သည့် တရုတ်၏ ရန်စသောလုပ်ရပ်များကို ကန့်ကွက်ကြောင်း DFA က ထုတ်ဖော်ပြောကြားပြီးနောက် ယခုကဲ့သို့ ဖော်ပြလိုက်ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ပိုင်နက်နှင့် ပင်လယ်ရေကြောင်းဇုန်များ တစ်ဝိုက်တွင် တရားဝင်သော ပုံမှန်ကင်းလှည့်မှုများ ပြုလုပ်လျက်ရှိသည့် ဖိလစ်ပိုင်အာဏာပိုင်များအား တရုတ်အစိုးရရေယာဉ်များက ရေဒီယိုအသံလှိုင်းဖြင့်စိန်ခေါ်မှုများ၊ ဥဩသံပေးခြင်းနှင့် ဟွန်းသံများမှုတ်ခြင်းစသည့် တရားမဝင် အသံပြုချက် ၂၀၀ ကျော်ကို DFA ကဆန့်ကျင့်ကြောင်းအောက်တိုဘာ ၂၀ က တွစ်တာတွင်‌ ရေးသားခဲ့သည်။

ထို့ပြင် DFA က တရုတ်၏ရန်စသည့်လုပ်ရပ်များသည် တောင်တရုတ်ပင်လယ်၏ ငြိမ်းချမ်းရေး၊ ကောင်းမွန်မှုနှင့်လုံခြုံရေးကိုခြိမ်းခြောက်နေပြီး နိုင်ငံတကာဥပဒေအရ တရုတ်၏တာဝန်ဝတ္တရားများကို ဆန့်ကျင်နေကြောင်းအလေးထားပြောကြားခဲ့သည်။

ယခုနှစ်အတွင်း ဖိလစ်ပိုင်၏ အစောဆုံးသံတမန်ရေးဆန္ဒပြမှုများအနက်တစ်ခုမှာ မတ်လက စပရက်လီကျွန်းများရှိ Whitsun သန္တာကျောက်တန်းတွင် တရုတ်သင်္ဘောများရာချီဆိုက်ကပ်ထားသည်ကို တွေ့ရခြင်းဖြစ်သည်။ Julian Felipe ဟုခေါ်သော သန္တာကျောက်တန်းသည် ၎င်း၏ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း လုံးလုံးလျားလျား တည်ရှိနေသော်လည်း ဗီယက်နမ်နှင့် တရုတ်တို့ကလည်း ၎င်းတို့ပိုင်ဆိုင်ကြောင်း သီးခြားတောင်းဆိုထားသည်ဟု ဖိလစ်ပိုင်ကပြောကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။

Whitsun ရှိ တရုတ်သင်္ဘောအရေအတွက်သည် မေလလယ်တွင် ကိန်းဂဏန်းတစ်ခုတည်းသာရှိသည်အထိ ကျဆင်းသွားခဲ့သော်လည်း ဇွန်လလယ်တွင်တစ်ဖန်မြင့်တက်ခဲ့သည်။ ထိုအချိန်တွင် ဖိလစ်ပိုင်သည် သီတုကျွန်းဟုဟုသိကြသော ပက်အာဆာကမ်းလွန်ရေပြင်အပါအဝင် တရုတ်နိုင်ငံ၏ ကျုးကျော်မှု အမျိုးမျိုးကို ဆန့်ကျင်သည့်အနေဖြင့် ၂၀၁၆ ခုနှစ် ဇွန်လမှ စတင်ကာ သံတမန်ရေးအရ ကန့်ကွက်မှုပေါင်း ၁၀၀ ကိုလျှောက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly