နီပေါ - တရုတ်နယ်စပ်တစ်လျှောက်တွင် ပြဿနာများရှိနေဟု လေ့လာရေးအဖွဲ့ပြော

By SIFY
27 October 2021
နီပေါ - တရုတ်နယ်စပ်တစ်လျှောက်တွင် ပြဿနာများရှိနေဟု လေ့လာရေးအဖွဲ့ပြော

တရုတ်သည် ဟူမလာဒေသရှိ နီပေါပိုင်နက်အတွင်း ခြံစည်းရိုးများနှင့် ဝါယာကြိုးများဖြင့် ကာရံ၍ ၎င်း၏ ပိုင်ဆိုင်မှုကို ပြသရန်ကြိုးပမ်းထားကြောင်း နီပေါပြည်ထဲရေး ဝန်ကြီးဌာနက ဖွဲ့စည်းထားသော လေ့လာရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဟူမလာတွင် နီပေါ-တရုတ်နယ်စပ်တစ်လျှောက် ပြဿနာများစွာကို ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကား၍ Kathmandu Post သတင်းစာတွင် ဖော်ပြသည်။

တွဲဖက်အတွင်းရေးမှူး ဂျေနာရာယန်အက်ချာယာဦးဆောင်သောအဖွဲ့သည် ကွင်းဆင်းလေ့လာပြီးနောက် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ပြည်ထဲရေးဝန်ကြီး ဘာလ်ခရစ်ရှနာခန်ထံ အစီရင်ခံစာကို တင်သွင်းခဲ့ရာတွင် နယ်နိမိတ်မှတ်တိုင် ၄ မှ ၁၃ အထိ ဟူမလာရှိနီပေါ-တရုတ်နယ်နိမိတ်တစ်လျှောက်ရှိ ပြဿနာများကို ဖော်ထုတ်အတည်ပြုထားသလို အကြံပြုချက်တစ်ဒါဇင်ကိုလည်း ထည့်သွင်းထားသည်။

၁၉၆၃ ခုနှစ် နယ်နိမိတ်မျဉ်း သဘောတူညီချက်အရ နယ်နိမိတ်မှတ်တိုင်အမှတ် ၅ (၂) မှ Kit Kholaအလယ်အထိ ဧရိယာကိုနှစ်နိုင်ငံနယ်နိမိတ်အဖြစ် သတ်မှတ်ခဲ့ပြီး နယ်မြေသည် နီပေါပိုင်မြေဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

“တရုတ်ဘက်ကလည်း နီပေါပိုင်နက်ထဲမှာ ၁၄၅ မီတာရှိတဲ့ တူးမြောင်းတစ်ခု အခိုင်အခန့်ဆောက်ဖို့ ကြိုးစားနေပါတယ်။လမ်းမကြီးတစ်ခုလည်း ဆောက်ချင်တယ်။ နီပေါရဲတပ်ဖွဲ့ရဲ့ ကန့်ကွက်မှုအပြီးမှာ အဆောက်အအုံတွေကို ဖျက်ဆီးလိုက်ပြီးအမှိုက်တွေဖုံးနေတာကို မြင်နိုင်ပါတယ်” ဟု အစီရင်ခံစာ၌ဖော်ပြထားသည်။

ထို့ပြင် တရုတ်ဘက်မှ နီပေါနယ်မြေတွင် တည်ရှိသည့် မှတ်တိုင် ၆ (၁) ကိုလည်း ခြံစည်းရိုးခတ်ကာဝါယာကြိုးဖြင့်ကာထားပြီး နယ်နိမိတ်မှတ်တိုင် ၆ (၁) နှင့် ၅ (၂) ကြားနေရာများကို ၎င်းပိုင်ဆိုင်ကြောင်း ဖော်ပြရန် ကြိုးပမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်သည်နီပေါ-တရုတ်ဘုံနယ်နိမိတ်မှတ်တိုင်၉ (၂) မှ ၃၂ မီတာကွာဝေးသောတိုင်အမှတ် ၁၀ ဘက်ဆီသို့ ခြံစည်းရိုးများကာထားကာ ၁၉၆၃ ခုနှစ် နယ်နိမိတ်မျဉ်း သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု အစီရင်ခံစာကဖော်ပြသည်။

တရုတ်ဘက်က နယ်နိမိတ်တိုင် ၅(၂) နှင့်တိုင် (၄) အကြားရှိဧရိယာများတွင် နီပေါနိုင်ငံသားများအား ကျွဲ၊ နွားများကျောင်းခြင်းကိုလည်း ပိတ်ဆို့ထားသည်။

နီပေါ နိုင်ငံခြားရေးဝန်ကြီး နာရာယန်ခက်ကာနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့အကြား အောက်တိုဘာ ၁၉ က ဖုန်းဖြင့် ဆက်သွယ်၍ နှစ်နိုင်ငံကြား နယ်နိမိတ်ပြဿနာကို ဆွေးနွေးခဲ့ကြသည်ဟု သတင်းစာက ဖော်ပြသည်။

နီပေါနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၏ စစ်တမ်းတစ်ခုအရ တရုတ်နိုင်ငံသည် ဂေါ်ခါ၊ ဒိုလာခါ၊ ဟူမလာ၊ ဒါချူလာ၊ ဆင်ဒူပါချော၊ ရာဆူဝါနှင့် ဆန်ခူဝါဆာဘာအပါအဝင် နယ်နိမိတ်ချင်းထိစပ်နေသော ခရိုင်အများအပြားကို တရားမဝင် ကျူးကျော်ဝင်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly