မြန်မာ့အရေး ဖြေရှင်းရာတွင် တိုးတက်မှုကင်းမဲ့နေမှုအပေါ် အားရကျေနပ်မှုရှိမနေဟု အာဆီယံခေါင်းဆောင်များ ထုတ်ဖော်

မြန်မာ့အရေး ဖြေရှင်းရာတွင် တိုးတက်မှုကင်းမဲ့နေမှုအပေါ် အားရကျေနပ်မှုရှိမနေဟု အာဆီယံခေါင်းဆောင်များ ထုတ်ဖော်

အောက်တိုဘာ ၂၆

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ပြေလည်စေရေး ဖြေရှင်းရာတွင် တိုးတက်မှု ကင်းမဲ့နေမှုအတွက် အားရကျေနပ်မှု မရှိကြောင်း အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များက အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ဖော်ခဲ့ကြသည်။

အာဆီယံခေါင်းဆောင်များသည် ယနေ့တွင် မြန်မာကိုယ်စားလှယ် မပါဘဲ ထိပ်သီးအစည်းအဝေးကို အွန်လိုင်းကနေ စတင်ကျင်းပခဲ့သည်။

အစည်းအဝေးဓာတ်ပုံများထဲတွင် အာဆီယံကိုးနိုင်ငံမှ ခေါင်းဆောင်များပါသည့် စကရင်တစ်ခုကိုသာ တွေ့ရပြီး မြန်မာကိုယ်စားလှယ်နေရာတွင် "မြန်မာ" ဆိုသည့် စာတန်းတစ်ခုသာ ရှိနေခဲ့သည်။

အာဆီယံအဖွဲ့က သဘောတူထားသည့် လမ်းပြမြေပုံတစ်ရပ်ကို အကောင်အထည်ဖော်ရန် မြန်မာအာဏာသိမ်းစစ်အုပ်စုဘက်က ငြင်းဆန်နေမှုကြောင့် အာဆီံယံနိုင်ငံခြားရေးဝန်ကြီးများသည် အောက်တိုဘာ ၁၅ ရက်တွင် စည်းဝေးပြီး ယခုအပတ် ထိပ်သီးအစည်းအဝေးတွင် မြန်မာအာဏာသိမ်းစစ်တပ်ခေါင်းဆောင်ကို မဖိတ်ကြားရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းအစား အာဆီယံသည် မြန်မာကိုယ်စားပြုအဖြစ် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကိုသာ ဖိတ်ကြားခဲ့သည်။ ထိုဖိတ်ကြားမှုသည် နောက်ဆုံးမိနစ်ကျမှ ရောက်လာသည်ဟု မြန်မာအာဏာသိမ်းစစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

"အမြဲတမ်းအတွင်းဝန်က ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဆွေးနွေး ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးမရှိပါဘူး၊ အချုပ်အချာအာဏာပိုင်နိုင်ငံတစ်ခုအတွက် ဒီအစည်းအဝေးမှာ တူညီအခွင့်အရေး မရှိဘူးလို့ ကျွန်တော်တို့ ခံစားမိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ မတက်ခဲ့တာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာတွင် ငြိမ်းချမ်းမှု ပြန်ရရေးအတွက် ဘုံသဘောတူညီချက်ငါးချက်ကို ဆုံးဖြတ်သဘောတူခဲ့သည့် ဂျကာတာမြို့ အာဆီယံအစည်းအဝေး နောက်ပိုင်း ခြောက်လကြာပြီးတွင် အနည်းအကျဉ်းမျှသာ ပြောင်းလဲထားမှုအတွက် စိတ်ပျက်မိကြောင်း ယနေ့ ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်တချို့က ထုတ်ဖော်ခဲ့ကြသည်။ အာဆီယံ၏ အစီအစဉ်အရ မြန်မာသို့ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး သွားရောက်ပြီး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ရရေး ပါဝင်ပြီး ယင်းခရီးစဉ်သည် ယခုထက်ထိ အထမမြောက်သေးပေ။

ဘုံသဘောတူညီချက် ငါးချက် ရရှိစေရေးအတွက် တက်ကြွစွာ ပါဝင်လုပ်ဆောင်ထားခဲ့သည့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီက ယနေ့ အစည်းအဝေးတွင် ပြောရာတွင် အာဆီယံခေါင်းဆောင်များ၏ ဧပြီလ အစည်းအဝေးသည် မိသားစုဝင်များကို ကူညီရန် အားထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ "ကံမကောင်းစွာနဲ့ပဲ ဒီမိသားစုရဲ့ အကူအညီပေးမှုကို မြန်မာစစ်တပ်က လက်မခံ၊ မကြိုဆိုခဲ့ပါဘူး" ဟု ၎င်းက ပြောသည်။

"တစ်ဘက်မှာ ကျွန်တော်တို့ဟာ ကြားဝင်မစွက်ရေး မူအပေါ် အလေးထားမှုကို ထိန်းသိမ်းရသလို တစ်ဘက်မှာလည်း ကျွန်တော်တို့ဟာ အာဆီယံ ပဋိညာဉ်မှာ ပါတဲ့ အခြားစည်းမျဉ်းတွေကိုလည်း ထိန်းသိမ်းရမယ့် ဝတ္တရားလည်း ရှိပါတယ်၊ ဥပမာအားဖြင့် ဒီမိုကရေစီ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ လူ့အခွင့်အရေးအပေါ် အလေးထားမှု နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီတဲ့ အစိုးရ စတာတွေ ဖြစ်ပါတယ်" လို့ ဂျိုကိုဝီက ပြောပါတယ်။ ဒါ့အပြင် မြန်မာကိုယ်စားလှယ်အဖြစ် နိုင်ငံရေးပိုင်းက မဟုတ်သည့် လယ်ဗယ်အဆင့်ရှိသူကို ဖိတ်ကြားရန် အာဆီယံ၏ ဆုံးဖြတ်ချက်က "ခက်ခဲသည် ဆုံးဖြတ်ချက်" ဖြစ်သော်လည်း လုပ်ဆောင်ရန် လိုသည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံရှိ နိုင်ငံရေး မငြိမ်မသက်ဖြစ်မှုက အာဆီယံအဖွဲ့အနေဖြင့် ဒေသတွင်း ယင်း၏ ပြဿနာများကို ဖြေရှင်းနိုင်စွမ်း ရှိသလားဆိုသည်ကို စမ်းသပ်လိမ့်မည်ဟု စင်္ကာပူနှင့် ထိုင်း တို့၏ ခေါင်းဆောင်များက ပြောသည်။

"တိုးတက်မှု နှေးကွေးနေပါတယ်၊ ဒါက မြန်မာပြည်သူတွေအတွက် သာမက စည်းမျဉ်းအခြေပြု အဖွဲ့အစည်းတစ်ခုအဖြစ် အာဆီယံရဲ့ အများယုံကြည် လက်ခံနိုင်မှုတို့အတွက်မှာပါ တကယ့် အကျိုးဆက်တွေ ရှိစေပါတယ်" ဟု စင်္ကာပူဝန်ကြီးချုပ်က ပြောသည်။

"အာဆီယံအထူးသံတမန်နှင့်အကြား အပြည့်အဝ၊ မြန်ဆန် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို တိုက်တွန်းပါတယ်၊ အာဆီယံရဲ့ အများယုံကြည် လက်ခံနိုင်မှုကို ထိန်းသိမ်းဖို့အတွက် ချမှတ်ခဲ့ရတဲ့ "ခက်ခဲပေမယ့် မဖြစ်မနေ လုပ်ဖို့ လိုအပ်တဲ့ " ဆုံးဖြတ်ချက်တွေကို စင်္ကာပူအနေနဲ့ ထောက်ခံပါတယ်" ဟု စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေက မိမိတို့ဒေသတွင်း ပြဿနာများကို အာဆီယံ၏ ဖြေရှင်းနိုင်စွမ်းအပေါ် စမ်းသပ်မှုတစ်ခုဖြစ်သည်ဟု ပြောခဲ့သည်။

"ပြဿနာ ကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံရဲ့ အခန်းကဏ္ဍက အဓိက အရေးကြီးသလို ဒီကိစ္စအပေါ် ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စောင့်ကြည့်မှုအောက်မှာ အာဆီယံရဲ့ အများယုံကြည်လက်ခံနိုင်မှုအပေါ် ထင်ဟပ်တဲ့ လက္ခဏာရပ်တစ်ခု ရှိသင့်ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

Nikkei က မြင်တွေ့ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်မူကြမ်းထဲတွင် မြန်မာအရေးအပေါ် ခေါင်းဆောင်များ၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ထားသလို ဘုံသဘောတူညီချက် ငါးချက်အပေါ် ထားရှိသည့် ကတိကဝတ်များ အကောင်အထည်ဖော်ရန် မြန်မာရှိ သက်ဆိုင်သူအားလုံးကို တောင်းဆိုခြင်း၊ အာဆီယံသံတမန်ကို မြန်မာရှိ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခွင့်ရစေမည့် ခရီးစဉ် ဖြစ်မြောက်စေရေး ထပ်လောင်းတောင်းဆိုမှုတို့ ပါသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required