ပဲခူးတိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အပြိုင်အဆိုင် နုတ်ထွက်နေ

ပဲခူးတိုင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အပြိုင်အဆိုင် နုတ်ထွက်နေ

အောက်တိုဘာ ၂၆

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့၊ သက္ကလမြို့၊ ရေတာရှည်မြို့နှင့် ပေါင်းတည်မြို့တို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အပြိုင်အဆိုင် နုတ်ထွက်နေကြကြောင်း ဒေသခံများထံက သိရသည်။

ယခုလပိုင်းအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဆက်တိုက်ဆိုသလို သေနတ်ဖြင့် အပစ်ခံရခြင်း၊ အသတ်ခံရခြင်း၊ နေအိမ်ဗုံးပေါက်ကွဲခြင်းများ ဖြစ်ပွားနေသောကြောင့် ပေါင်းတည်မြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးရေ ၂၀ ကျော် နုတ်ထွက်လာကြကြောင်း သိရသည်။

“ အုပ်ကြီးတွေနုတ်ထွက်ကုန်ကြပြီ ။ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်ကြီးတွေ ၂၀ကျော်မယ် ။ ကျန်းမာရေးအကြောင်းပြချက်နဲ့ ထွက်ကြတာ၊ မနေ့က အောက်တိုဘာ ၂၅ရက်‌နေ့က ဆိုရင် ပျူစောထီး ဒလန် တစ်ယောက် အပစ်ခံရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း အုပ်ကြီးတွေ သေနတ်နဲ့ ပစ်သတ်ခံရတယ်”ဟု ပေါင်းတည်မြို့ဒေသခံတစ်ဦးမှ ပြောသည်။

အလားတူ ရေတာရှည်မြို့နယ်၊ သက္ကလမြို့နှင့် ပဲခူးမြို့နယ်တို့တွင်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အများအပြား နုတ်ထွက်နေကြကြောင်း သိရသည်။

“ ရေတာရှည်မြို့မှာက ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရပ်ကျေးအုပ်ကြီးတွေ နုတ်ထွက်ဖို့ ထုတ်ပြန်ပြီးကတည်းက အောက်တိုဘာ ၁၈ ရက်နေ့ ကနေစပြီး နုတ်ထွက်လာကြတာ အယောက်၂၀ကျော်ပြီလေ။ မနုတ်ထွက်ရင်လည်း သေတော့မှာ PDF တွေက တကယ်လုပ်နေတာ ။ သက္ကလမြို့မှာလည်း အဲလိုပဲ ရပ်ကွက်အုပ်ကြီး တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး ကျန်တဲ့အုပ်ကြီး ငါး ယောက်လည်း နုတ်ထွက်စာတင်လာကြတယ် ။ ပဲခူးမှာ‌တော့ သုံးယောက်လောက်ပဲ ကြားသေးတယ် နုတ်ထွက်တာ ”ဟု ပဲခူးမြို့ ရပ်မိရပ်ဖတစ်ဦးမှ ပြောသည်။

မြို့နယ်အချို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် လက်နက်ကိုင် အစောင့်အရှောက်ယူကာ ၎င်းတို့၏ နေအိမ်တွင် ယင်းတာဝန်ကို ဆက်လက်လုပ်ကိုင်နေကြသည်။

ပဲခူးတိုင်းဒေသကြီးတွင် အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင်များဖြစ်သည့် အစိုးရရုံးများ၊ စစ်ကောက်စီခန့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီသတင်းပေးများ၊ရဲနှင့် စစ်သားများကို နည်းလမ်းမျိုးစုံဖြင့် တော်လှန်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly