အမေရိကန်သမ္မတက မြန်မာကျောင်းသူ ကလေးငယ်တစ်ဦးကိုပြန်စာပို့

အမေရိကန်သမ္မတက မြန်မာကျောင်းသူ ကလေးငယ်တစ်ဦးကိုပြန်စာပို့

အောက်တိုဘာ ၂၆

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သည့် မြန်မာကျောင်းသူ ကလေးငယ် တစ်ဦး ရေးသားခဲ့သော မြန်မာ့အရေးနှင့် ပတ်သက်သည့်စာကို အောက်တိုဘာ ၂၆ ရက်တွင် သမ္မတဂျိုးဘိုင်ဒင်က ပြန်စာပို့ခဲ့သည်။

အိမ်ဖြူတော် တံဆိပ် ပါဝင်သည့် စာတစ်စောင်ကို သမ္မတဂျိုးဘိုင်ဒင်က ၎င်း၏ ဓာတ်ပုံနှင့်တကွ ပြန်စာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ကလေးငယ်၏ မိခင်ဖြစ်သူက လူမှုကွန်ရက်တွင် မျှဝေထားခြင်း ဖြစ်သည်။

ဒေါရိယက် (Doreas) အမည်ရှိ ကလေးငယ်သည် စစ်ကောင်စီက မြန်မာ ပြည်သူလူထုကို မတရားနှိပ်စက်သည့် ဗီ‌ဒီယိုနှင့် ဓါတ်ပုံများကို တွေ့ရှိပြီးနောက် စိတ်မကောင်း ဖြစ်ခဲ့ကြောင်း ဆိုထားသည်။

“ သူ့ခံစားချက်လေးတွေကို အမေကို ပြောပြပြီး သမ္မတ ဂျိုးဘိုင်ဒင်ကို စာပို့မလို့ လိပ်စာ ရှာပေးပါ ပြောလို့ Google မှာရှာ ပြီး ပြလိုက်တယ်။ သူစာကြမ်းရေးပြီး အမေကိုပြတယ်။ ကြည့်လိုက်တယ်။ သူ့ခံစားချက် တော်တော်ပြင်းတာပဲ။ သမီး သေချာပြန်ရေးလို့တော့ ပြောလိုက်တယ်။ နောက်နေ့ကြတော့ သမီးအိမ်ဖြူတော်ကို စာပို့လိုက်ပြီတဲ့ ” ဟု မိခင်ဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကလေးငယ်သည် မြန်မာနိုင်ငံရှိ စစ်ဘေးရှောင်များနှင့် သူ၏အဖွား၊ ဆွေမျိုးများအတွက် စိတ်မကောင်း ဖြစ်ခဲ့ကြောင်း၊ ထို့အပြင် ၎င်းအရွယ်ကလေးများ တောထဲတွင်လုံခြုံမှုမရှိ၊ အစားကောင်းကောင်း မစားရခြင်းများကို စာနာ သနားနေခဲ့ကြောင်းလည်း မိခင်ဖြစ်သူက ဆိုသည်။

‘’ မင်းဆီက အတွေးအမြင် ခံစားမှုတွေ ကျွန်တော်တို့ကို သိခွင့်ပေးတဲ့ အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဒုသမ္မတနဲ့ ကျွန်တော်က ကျောင်းသားတွေ ဆီက ဒီလို အတွေးတွေကို နားထောင်ရတာကို နှစ်သက်ပါတယ်။ အသက်ငယ်ပေမယ့် မင်းဆီမှာ အနာဂတ်ကို ပြောင်းလဲနိုင်ပြီး သမိုင်းတွင်နိုင်မယ့် လုပ်ဆောင်နိုင်မှုတွေ ရှိနေပါတယ်’’ ဟုလည်း ပြန်စာတွင် ပါရှိခဲ့သည်။

အိမ်ဖြူတော်မှ အောက်တိုဘာ ၂၀ ရက် နေ့စွဲဖြင့်ပေးပို့လာသည့်စာကို အောက်တိုဘာ ၂၆ ရက်တွင် လက်ခံ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required