ပေကျင်းရှိ အနောက်တိုင်းသားများအပေါ် ခြိမ်းခြောက်မှု သံရုံးများသတိပေး

ပေကျင်းရှိ အနောက်တိုင်းသားများအပေါ် ခြိမ်းခြောက်မှု သံရုံးများသတိပေး

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ။            ။ ခရစ္စမတ်အားလပ်ရက်မတိုင်မီ ပေကျင်းရှိလူသိများရပ်ကွက်တစ်ခုတွင် အနောက်နိုင်ငံသားများကို တိုက်ခိုက်မည့် ဖြစ်နိုင်ဖွယ်ခြိမ်းခြောက်မှုများကို တရုတ်ရှိ   နိုင်ငံခြားသံရုံးများက သတိပေးချက်တစ်ခုကို ဒီဇင်ဘာ ၂၄က ထုတ်ပြန်လိုက်သည်။

အမေရိကန်နှင့် ဗြိတိသျှအစိုးရတို့၏ သတိပေးချက်တွင် နာမည်ကျော်ဈေးဝယ်ရာနေရာနှင့် ညဘက်လည်ပတ်စရာနေရာ စန်းလိတွန်းအရပ် ပါဝင်သည်။ ယင်းနေရာတွင် နိုင်ငံခြားသားများ တိုက်ခိုက်ခံရလေ့ရှိပြီး သြဂုတ်လက ပြင်သစ်အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီးတရုတ်အမျိုးသမီးကို တရုတ်တစ်ဦးက ဓါးဖြင့် တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်ခံရသည့်အမျိုးသမီးမှာ နောက်ပိုင်းတွင် ဒဏ်ရာများကြောင့် သေဆုံးခဲ့သည်။

ပေကျင်းတွင် အစုလိုက်အပြုံလိုက်တိုက်ခိုက်ခံရမှု ရှားပါးသည်။ သို့သော်လည်း ၂၀၁၃ အောက်တိုဘာက တီယန်နန်မင်ရင်ပြင်တွင် လူအုပ်များထဲသို့ ကားဖြင့် ဝင်တိုးတိုက်ခိုက်မှုကြောင့် လူငါးဦးသေဆုံးခဲ့ပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုအတွက်သံသယရှိသူ အများစုမှာ မတည်ငြိမ်သော ရှင်ကျန်ဒေသမှ ဖြစ်ဟန်ရှိသည်။

ခရစ္စမတ်နေ့နှင့် ယင်းနေ့ဝန်းကျင်တွင် အနောက်နိုင်ငံသားများကို တိုက်ခိုက်မည့်ဖြစ်နိုင်ဖွယ်ရာ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက်ရရှိထားသဖြင့် မိမိတို့နိုင်ငံသားများအနေဖြင့် သတိရှိရှိနေထိုင်ကြရန် အမေရိကန်သံရုံးက ဒီဇင်ဘာ ၂၄က ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အလားတူသတိပေးချက်တစ်ခုကို ဗြိတိန်သံရုံးကလည်း ထုတ်ပြန်ခဲ့သည်။ ပြင်သစ်သံရုံးက အမေရိကန်၏သတိပေးချက်အား ၎င်း၏ နိုင်ငံသားများသို့ လက်ဆင့်ကမ်းခဲ့သည်။

မြို့တော် ရဲတပ်ဖွဲ့ဋ္ဌာနကလည်း အဝါရောင်တပ်လှန့်မှုတစ်ခုကို ထုတ်ပြန်ခဲ့သည်။ ယင်းမှာ အဆင့် လေးဆင့်ပါစနစ်တစ်ခုတွင် ဒုတိယမြောက်အဆင့်ဖြစ်သည်။ ပြည်သူလူထုလုံခြုံရေးကို ထိခိုက်မည့် ချဉ်းကပ်လာသည့် ခြိမ်းခြောက်မှုတစ်ခုနှင့် ပတ်သက်၍ အာဏာပိုင်များက သတင်းရချိန်တွင် အဝါရောင်အဆင့် သတိပေးချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာက အစီရင်ခံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly