တပ်မတော် (ရေ) နှစ်ပတ်လည်နေ့၌ စစ်ရေယာဉ်များ တပ်တော်ဝင်

တပ်မတော် (ရေ) နှစ်ပတ်လည်နေ့၌ စစ်ရေယာဉ်များ တပ်တော်ဝင်
ဓာတ်ပုံ - တပ်မတော် (ရေ)

ဒီဇင်ဘာလ ၂၄ ရက် ။          ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်သည့် (၆၈) နှစ်မြောက် တပ်မတော် (ရေ) နေ့၌ စစ်ရေယာဉ်များတပ်တော်ဝင်ပွဲကို ဒီဇင်ဘာ ၂၄ ရက်နေ့က ကျင်းပသည်။

စစ်ရေယာဉ် ဆင်ဖြူရှင် (F-14) ၊ ကမ်းထိုးရေယာဉ် (၆) စီးနှင့် ပင်လယ်သွားဆေးရုံရေယာဉ် သံလွင်တို့ တပ်တော်ဝင်ကြ သည့်အခမ်းအနားကို သန်လျင်တပ်နယ်ရှိ ရေတပ်ဆိပ်ခံတံတား၌ ကျင်းပခဲ့သည်ဟု တပ်မတော် (ရေ) က သတင်း ထုတ်ပြန်ထားသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်သည် (၆၈)နှစ်မြောက် တပ်မတော်(ရေ) နေ့ဖြစ်ပြီး ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ စတင်ဖွဲ့စည်းသန္ဓေတည်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

တပ်မတော် (ရေ) အနေဖြင့် စစ်ရေးကဏ္ဍ (Military Role) ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ (Constabulary Role)၊ စာနာ အကူအညီပေးရေးကဏ္ဍ (Benign Role)၊ သံတမန်ရေးရာကဏ္ဍ (Diplomatic Role) တို့ကို ထမ်းဆောင်နေသည်ဟု ဆိုသည်။

ပင်လယ်ပြင်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ရေယာဉ်ပေါင်း (၈) စီးနှင့် လူဦးရေပေါင်း (၁၃၄) ဦးကို ကယ်ဆယ်ရေးဆောင်ရွက်နိုင်ခဲ့သည်ဟုလည်းသိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၈ ရက်နေ့က အစ္စရေးနိုင်ငံ Ashdod မြို့ရှိ ရေတပ်စခန်းဌာနချုပ် (Ashdod Naval Base) သို့ ရောက်ရှိခဲ့စဉ်က မြန်မာ့တပ်မတော် (ရေ) အတွက် အစ္စရေးနိုင်ငံမှ မှာယူထားသည့် ကမ်းရိုးတန်းသွား ကင်းစောင့်အမြန်ရေယာဉ်နှင့် ပုံစံတူရေယာဉ်အား စီးနင်းလေ့လာခဲ့သေးသည်။

ထို့ပြင် အစ္စရေးနိုင်ငံ ရေတပ်စခန်းဌာနချုပ်နှင့် ရေယာဉ်စုများအကြောင်း၊ စစ်ဘက်သုံးမော်တော်ယာဉ်များ၊ လေကြောင်း ကာကွယ်ရေးဆိုင်ရာများကိုလည်း ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့က လေ့လာခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း (၆၈) နှစ်မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ ပဉ္စမအကြိမ်မြောက် တပ်တော်ဝင် လွှဲပြောင်းပေးမှု အခမ်းအနားကို ကျင်းပခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly