ကုလအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ခန့်အပ်

ကုလအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် ခန့်အပ်

အောက်တိုဘာ ၂၆

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် မြန်မာနိုင်ငံဆိုင်ရာ ၎င်း၏ အထူးကိုယ်စားလှယ်သစ်အဖြစ် စင်္ကာပူနိုင်ငံသူ မစ္စ နိုလင်း ဟေးဇာကို အောက်တိုဘာ ၂၅ ရက်က ခန့်အပ်လိုက်ကြောင်း ကုလသမဂ္ဂက ကြေညာချက်ထုတ်ပြန်သည်။

မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် သုံးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုသီတင်းပတ်ကုန်တွင် တာဝန်ကနေ ထွက်ခွာမည့် မစ္စ ခရစ္စတင်း ရှရန်နာ ဘာဂျီနာ၏ နေရာတွင် ကုလအအဆင့်မြင့်သံတမန်ဟောင်းတစ်ဦး ဖြစ်သည့် ဒေါက်တာ ဟေးဇာက ဆက်ခံသွားမည် ဖြစ်သည်။

အသက် ၇၃ နှစ်ရှိ ဒေါက်တာ ဟေးဇာသည် ကုလတွင် အမျိုးမျိုးသော အကြီးတန်းရာထူးနေရာများကို ထမ်းဆောင်ထားခဲ့ပြီး အထူးသဖြင့် ၂၀၀၇ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း အာရှနှင့် ပစိဖိတ်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင်တစ်ခု၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၃ နှင့် ၂၀၁၅ အကြား သူမသည် အရှေ့တီမောဆိုင်ရာ ကုလအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။

စီးပွားရေးနှင့် လူမှုရေးကော်မရှင်ကော်မရှင်ဆိုင်ရာ သူမ၏ တာဝန်များ၏ တစိတ်တပိုင်းအဖြစ် ဒေါက်တာ ဟေးဇာသည် မြန်မာတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ပြီးနောက် ပြန်လည်ထူထောင်ရေးအားထုတ်မှုများနှင့်ပတ်သက်ပြီး ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း အာဆီယံ၊ မြန်မာအစိုးရ၊ ကုလတို့နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့သလို ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးတို့နှင့်ပတ်သက်၍လည်း မြန်မာအာဏာပိုင်များနှင့်အကြား ဆွေးနွေးမှုတစ်ခုကို ဦးဆောင်ထားခဲ့ဖူးသူဖြစ်သည်။

မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တာဝန်ကနေ ထွက်ခွာတော့မည့် ခရစ္စတင်း ရှရန်နာက အောက်တိုဘာ ၂၅ ရက်က ပြောကြားရာတွင် မြန်မာအာဏာသိမ်းအုပ်စုကို နိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုပါက အကြမ်းဖက်မှုများကို ရပ်တန့်စေလိမ့်မည် မဟုတ်သလို ယင်းကဲ့သို့သော လုပ်ဆောင်ခြင်းက နိုင်ငံကို မတည်မငြိမ်ဖြစ်မှုဆီ တွန်းပို့သလိုဖြစ်မည်ဖြစ်သလို ကျရှုံးနိုင်ငံတစ်ခု ဖြစ်လာစေလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

"နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အလျှော့မပေးဘူးလို့ ကျွန်မ မျှော်လင့်ပါတယ်၊ ကျွန်မတို့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သင့်ပါတယ်" ဟု မစ္စ ဘာဂျီနာက သတင်းထောက်များကို ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required