ကုလသမဂ္ဂတွင် ထိုင်ဝမ် ထိရောက်စွာ ပါဝင်နိုင်ခွင့်ရရေး အမေရိကန်အရာရှိများက ဆွေးနွေး

ကုလသမဂ္ဂတွင် ထိုင်ဝမ် ထိရောက်စွာ ပါဝင်နိုင်ခွင့်ရရေး အမေရိကန်အရာရှိများက ဆွေးနွေး

တရုတ်သမ္မတရှီကျင့်ဖျင်က ကုလသမဂ္ဂတွင် နှစ်ပေါင်း ၅၀ ကြာ အဖွဲ့ဝင်ဖြစ်ခြင်းအထိမ်းအမှတ် မိန့်ခွန်းပြောကြားရန် ရက်အနည်းငယ်အလိုတွင် ထိုင်ဝမ်အနေဖြင့် ကုလသမဂ္ဂ၌ ထဲထဲဝင်ဝင် ပါဝင်နိုင်ရေး အတွက် ထိုင်ဝမ်နှင့် အမေရိကန်အရာရှိများက ဆွေးနွေးခဲ့ကြသည်။

တရုတ်သမ္မတနိုင်ငံဟု တရားဝင်အမည်ပေးထားသော ထိုင်ဝမ်သည် ၁၉၇၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်အထိ ကုလသမဂ္ဂတွင် တရုတ်ပြည် ကိုယ်စားပြုပါဝင်ခွင့်ရှိခဲ့သော်လည်း ၁၉၄၉ခုနှစ်တွင် ကွန်မြူနစ်တပ်ဖွဲ့များက ပြည်တွင်းစစ်ကို အောင်နိုင်ပြီးနောက် ထိုင်ဝမ်အစိုးရကို လက်ရှိကျွန်းသို့ မောင်းထုတ်ခဲ့သည်။ ကုလသမဂ္ဂ၌ မဲခွဲဆုံးဖြတ်ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (လက်ရှိ ပြည်မကြီး) ကို အတည်ပြုခဲ့သည်။

တရုတ်က ထိုင်ဝမ်သည် လက်အောက်ခံပြည်နယ်တစ်ခုဖြစ်ခြင်းကြောင့် ထိုင်ဝမ်ကိုယ်စား နိုင်ငံတကာကိစ္စရပ်များတွင် ကိုယ်စားပြုရန် အခွင့်အရေးရှိကြောင်း ဆိုသည်။ ထိုင်ဝမ်ရှိ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရက တရုတ်အစိုးရ၏ ပြောကြားချက်ကို ကန့်ကွက်ကာ ၎င်းတို့သာ ကိုယ်စားပြုနိုင်ကြောင်း ပြောကြားထားသည်။

ကုလသမဂ္ဂတွင် ထိုင်ဝမ်က ထိရောက်စွာ ပါဝင်နိုင်ရေးအတွက် ထောက်ခံနိုင်ရေးကိစ္စအား အဓိကထား ဆွေးနွေးသည့် အွန်လိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ရက်တွင် ထိုင်ဝမ်နှင့် အမေရိကန်အရာရှိများက ဆွေးနွေးခဲ့ကြောင်း အောက်တိုဘာ ၂၃ရက်က ထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

" ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂမူဘောင်သဘောတူညီချက်တွင် ထိုင်ဝမ်က ထိရောက်စွာ ပြည့်ဝစွာပါဝင်နိုင်မှုအပေါ် အမေရိကန်၏ ကတိကဝတ်ကို အမေရိကန် ဆွေးနွေးဘက်များက ထပ်လောင်းပြောကြားခဲ့ပြီး ကျယ်ပြန့်သောကိစ္စရပ်များအတွက် ကြိုးပမ်းအားထုတ်ရာတွင် ထိုင်ဝမ်၏ လုပ်ကိုင်နိုင်စွမ်းကို အလေးထားဖော်ပြနိုင်သည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်၏ အခိုင်အမာထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်က တိုက်ခိုက်လာပါက အမေရိကန်က ထိုင်ဝမ်ကို ကာကွယ်ပေးမည်ဟု သမ္မတ ဂျိုးဘိုင်ဒင်က ၃ လအတွင်း ဒုတိယအကြိမ်အဖြစ် ပြောဆိုပြီး ရက်အနည်းငယ်အကြာတွင် ယခု ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဘိုင်ဒင်၏ ပြောကြားမှုများနှင့် ပတ်သက်၍ အမှားအယင်းများကို မလုပ်ရန် တရုတ်အစိုးရက သတိပေးခဲ့သည်။

တရုတ်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထိုင်ဝမ်ကျွန်းအား လိုအပ်သောအကူအညီများ ပေးထားကြောင်း ပြောကြားထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ အပြည့်အဝ ပါဝင်လုပ်ဆောင်မပေးနိုင်ခြင်းအပေါ် ထိုင်ဝမ်က မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly