ပခုက္ကူမြို့ ၊ မြို့ရှောင်လမ်းထိပ်တွင် စစ်ကောင်စီတပ်သားများ ဗုံးခွဲခံရ

ပခုက္ကူမြို့ ၊ မြို့ရှောင်လမ်းထိပ်တွင် စစ်ကောင်စီတပ်သားများ ဗုံးခွဲခံရ

အောက်တိုဘာ ၂၅

ပခုက္ကူမြို့၊ မြို့ရှောင်လမ်းထိပ်၊ သုံးလမ်းခွဆုံ နေရာတွင် ဗုံးအတုအား လာရောက်ရှင်းလင်းသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဗုံးအစစ်ဖြင့် ဖောက်ခွဲခဲ့ကြောင်း ဒေသကာကွယ်ရေးတပ် SEVEN- PDF မှ ဗိုလ်မူတူးက မဇ္ဈိမကို ပြောသည်။

“အောက်တိုဘာလ ၂၄ ရက် မနက်ပိုင်းက ပခုက္ကူ မြို့ရှောင်လမ်းထိပ် သုံးခွဆုံ နေရာအနီးမှာ Burmese Guerrilla Force နဲ့ ကျွန်တော်တို့ Seven PDFက ဖောက်ခွဲမှု ပြုလုပ်ခဲ့တာပါ။ ဖောက်ခွဲခဲ့တဲ့ နေရာအနီးမှာ အမှတ် (၁၀၁) ခြေမြန် တပ်မလည်း ရှိတယ်။ မောင်းနေတဲ့ ကားတန်းကို ဖောက်ခွဲရင် မထိရောက်လို့ အတုကို လမ်းအလယ်ခေါင်မှာ ငါးစာချပြီး လာဖြုတ်တဲ့ အချိန်မှ အစစ်ကို ဖောက်ခွဲလိုက်တာပါ ” ဟု ၎င်းက ပြောသည်။

ဗုံးအစစ် လေးလုံးကို ဖောက်ခွဲခဲ့သော်လည်း သုံးလုံးသာ ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာ ရသွားသည်ဟုလည်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က ဗုံးအတုကို မြင်သာအောင် လမ်းပေါ်ချထားတယ်။ အဲဒီမှာ ဗုံးတွေ့တယ်ဆိုပြီး စစ်ကောင်စီက မိုင်းရှင်းကားတန်းတွေနဲ့ ရောက်လာတယ်။ လမ်းနှစ်ဘက်လုံး ပိတ်ပြီး ဗုံးအတုကို ဖြုတ်ကြတယ်။ အဲဒီလိုဖြုတ်နေချိန် ကျွန်တော်တို့က အစစ်တွေကို ခွဲတာ။ တစ်ပြိုင်တည်းတော့ ခွဲတာ မဟုတ်ဘူး။ နေရာ သုံးနေရာမှာ ထောင်ထားတာဆိုတော့ အရှေ့ဘက်က ကွဲလို့ သူတို့အနောက်ဆုတ်ရင် အနောက်က အလုံးကို ခွဲတယ်။ ကပ်ရင် ကပ်တဲ့ နေရာနားက အလုံးခွဲတာ ” ဟု Seven PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖောက်ခွဲမှုကြောင့် စစ်ကောင်စီဘက်က သေဆုံးသူ ရှိ၊ မရှိ ကို အတည်မပြုနိုင်သေးကြောင်းနှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ဖောက်ခွဲမှုများ ဆက်လုပ်‌ဆောင်သွားမည်ဟု Seven-PDF က ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်တွင်လည်း ယာဉ်ရှစ်စီးပါ စစ်ကောင်စီယာဉ်တန်းကို PPDF ၊ BGF-Mingyan နှင့် Seven- PDF တို့ ပူးပေါင်းအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly