အိမ်ကွင်းလက်ခံကျင်းပရန်ရှိသည့် ဟံသာဝတီအသင်း ကစားသမား အင်အား ဖြည့်တင်းနေ

အိမ်ကွင်းလက်ခံကျင်းပရန်ရှိသည့် ဟံသာဝတီအသင်း ကစားသမား အင်အား ဖြည့်တင်းနေ
ဟံသာဝတီအသင်း နည်းစနစ်ဒါရိုက်တာ ဆီဗာဂျီ(၀ဲ)နှင့် အသင်းနည်းပြချုပ် ဦးငွေထွန်း(ယာ)တို့ကို တွေ့ရစဉ်။  (ဓာတ်ပုံ - ဟံသာဝတီ)
 

ဒီဇင်ဘာ ၂၄၊ ရန်ကုန်။         ။ ဟံသာဝတီယူနိုက်တက်အသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့တွင် အိမ်ကွင်း လက်ခံကျင်းပနိုင်ရန် ပြင်ဆင်နေသည့် အပြင်    ပြည်တွင်း၊ ပြည်ပကစားသမား အင်အား ဖြည့်တင်းလျက်ရှိသည်။

ဟံသာဝတီအသင်းသည် ၂၀၁၆ ဘောလုံးရာသီသစ်အတွက် ရခိုင်ယူနိုက်တက်အသင်းမှ ကစားသမား ငါးဦး၊ ကမ္ဘောဇ အသင်းမှ တစ်ဦး၊ နေပြည်တော်အသင်းမှ တစ်ဦး စုစုပေါင်း ပြည်တွင်း ကစားသမား ခုနစ်ဦးထိ ဖြည့်တင်းထားသလို အသင်း တိုက်စစ်မှူး ဘမ်ဘာကိုလည်း တစ်ရာသီစာ စာချုပ် သက်တမ်းတိုးခဲ့သည်။

ထို့ပြင် အသင်း၏ ကွင်းလယ်ပိုင်း တောင့်တင်း စေရန် မြန်မာနေရှင်နယ်လိဂ် အတွေ့အကြုံရင် ကွင်းလယ်ကစားသမား ကိုနေးခေါ်ယူရန် နီးစပ်နေသည်။ လက်ရှိအချိန်တွင် ကိုနေးအား   ဆေးစစ်ဆေးချက်များ ခံယူနေပြီး ကိုနေး အဆင်မပြေခဲ့ပါက အသင်းကစားသမားဟောင်း ဂျော့ဒ်နှင့် အစားထိုး ဖွယ်ရှိနေသည်။ ထို့ပြင် ဘရာဇီးလူမျိုး တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူရန် ခြေစွမ်း စမ်းသပ်လျက်ရှိပြီး ပြည်ပကစားသမား ခေါ်ယူမှုများကို ၂၀၁၅ ဒီဇင်ဘာ နောက်ဆုံးအပတ်တွင် အပြီးသတ်မည်ဖြစ်သည်။

 ' အိမ်ကွင်းလုပ်ဖို့ ပြင်ဆင်နေတယ်။ အိမ်ကွင်းဖို့ ရှိတာကြောင့် အသင်းလဲ ကောင်းဖို့လိုတယ်။ နောက်ပြီး အသင်းမှာ လူငယ်ကစားသမားတွေ များလာသလို လက်ရွေး စင်အသင်းအတွက် ကစားသမားလဲ ထိုက်သင့်သလောက် ပေးနိုင်ခဲ့တယ်။ နောက်ပြီး အသင်းပိုင်ရှင်က စီဘီဘဏ်ဥက္ကဋ္ဌနဲ့ ပြန်ပြီး ပူးပေါင်းလုပ်ကိုင်လိုတယ်။ နှစ်ယောက်ပေါင်းလိုက်တဲ့အတွက် အသင်းရဲ့ ငွေအင်အားလဲ ပိုတောင့်တင်းသွားတယ်' ဟု ဟံသာဝတီအသင်း မန်နေဂျာ ဦးထွန်းထွန်းလင်းက မဇ္ဈိမသို့ ပြောသည်။

ဟံသာဝတီအသင်းသည် ပြီးခဲ့သည့် ၂၀၁၅ မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးရာသီက အသင်းနည်းစနစ်ဒါရိုက်တာအဖြစ် ပြုလုပ်ခဲ့သည့် စင်ကာပူနိုင်ငံသား နည်းပြ ဆီဗာဂျီကို ၂၀၁၆ ဘောလုံးရာသီသစ်အတွက် ထပ်မံခေါ်ယူနိုင်ခဲ့သည်။ ဟံသာဝတီအသင်းသည် လက်ရှိအချိန်တွင် ခြေစမ်းပွဲ သုံးပွဲကစားထားပြီး GFA အသင်းကို ၃-၀ ဂိုး၊ ဇေယျာရွှေမြေအသင်းကို ၃-၂ ဂိုးတို့ဖြင့် အနိုင်ရထားပြီး မကွေးအသင်းနှင့် ဂိုးမရှိ သရေကျထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly