ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၁၀၀ ကျော် အဖမ်းခံရ

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာနိုင်ငံသား ၁၀၀ ကျော် အဖမ်းခံရ

အောက်တိုဘာ ၂၅

နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့မှုအတွက် မြန်မာနိုင်ငံသား ၁၂၀ ဦးကို အောက်တိုဘာ ၂၄ ရက်တွင် ဆိုင်ယော့ခရိုင်၌ ထိုင်းရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုင်း ရဲများနှင့် အုပ်ချုပ်ရေးအရာရှိများ ပါဝင်သည့် ကင်းလှည့်အဖွဲ့တစ်ခုသည် ယင်းနေ့က သတင်းပေးမှုတစ်ခု ရပြီးနောက် သစ်တောတစ်ခုထဲ၌ အဆိုပါ မြန်မာနိုင်ငံသားများကို တွေ့ရှိ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသည့် မြန်မာများမှာ အမျိုးသား ၆၅ ဦးနှင့် အမျိုးသမီး ၅၅ ဦးတို့ ဖြစ်ကြသည်။

၎င်းတို့ကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခဲ့ရာတွင် အားလုံးသည် ပုံမှန်အပူချိန်အတိုင်း ရှိနေကြသည်ဟု သိရသည်။

၎င်းတို့သည် မြန်မာနိုင်ငံ ထားဝယ်၊ ရန်ကုန်၊ မော်လမြိုင်နှင့် ပဲခူးတို့မှ လာကြသူများ ဖြစ်ကြောင်း တာဝန်ရှိသူများကို ပြောခဲ့သည်ဟု သိရသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်၊ ဆမွတ် ဆာခွန်း၊ နာခွန် ပထုံ တို့တွင် အလုပ်အကိုင်များ ရရှိရန်အတွက် မြန်မာပွဲစားများကို တစ်ဦးလျင် ဘတ် ၁၇,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးခဲ့ကြရသည်ဟု သိရသည်။

ယင်းနောက် အဆိုပါ အလုပ်ရှာဖွေသည့် မြန်မာနိုင်ငံသားများကို ဥပဒေအရ အမှုဖွင့်ဆောင်ရွက်ရန်အတွက် ဆိုင်ယော့ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

အလားတူ အောက်တိုဘာ ၂၅ ရက်တွင်လည်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား ၄၈ ဦးကို ထိုင်းတာဝန်ရှိသူများက ဆိုင်ယော့ခရိုင်အတွင်း ဖမ်းဆီးခဲ့သည်ဟုလည်း သိရသည်။

ယင်းနေ့ မနက် ၈ နာရီခန့်တွင် ထိုင်း ကင်းလှည့်အဖွဲ့တစ်ခုက တိုယိုတာဗန်ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့ရာတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး လေးဦးတို့ကို တွေ့ရှိဖမ်းမိခဲ့သည်။ ၎င်းတို့သည် အလုပ်ရှာအေးဂျင့်များကို တစ်ဦးလျင် ဘတ် ၂၀,၀၀၀ စီ ပေးခဲ့ကြရသည်ဟု သိရသည်။

အလားတူ ယင်းနေ့မှာပင် အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁၄ ဦးပါ မြန်မာနိုင်ငံသား အုပ်စုတစ်စုကိုလည်း တောအုပ်အတွင်း ထိုင်းရဲများက တွေ့ရှိဖမ်းမိခဲ့သည်။ ၎င်းတို့သည် ဆမွတ် ဆာခွန်း၌ အလုပ်ရန် ပွဲစားများကို တစ်ဦးလျင် ဘတ် ၂၀,၀၀၀ စီ ပေးခဲ့ရသည်ဟု သိရသည်။

အဆိုပါ အုပ်စုအဖွဲ့နှစ်ခုဖြင့် ဖမ်းမိခဲ့သည့် မြန်မာနိုင်ငံသား ၄၈ ဦးကို ဥပဒေအရ အမှုဖွင့်ဆောင်ရွက်ရန်အတွက် ဆိုင်ယော့ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly