အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ရသည့်ကိစ္စ မဟုတ်မှန်ကြောင်း ဒေါက်တာစင်သီယာမောင် ပြော

အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ရသည့်ကိစ္စ မဟုတ်မှန်ကြောင်း ဒေါက်တာစင်သီယာမောင် ပြော
ဓာတ်ပုံ- Crd

အောက်တိုဘာ ၂၅

ဘရူနိုင်း နိုင်ငံတွင် အောက်တိုဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာ အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရမည့် ကိစ္စ မဟုတ်မှန်ကြောင်း ဒေါက်တာစင်သီယာမောင်က ယနေ့အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အခြေစိုက် မယ်တော်ဆေးခန်း၏ ပဲ့ကိုင်ရှင် ဒေါက်တာ စင်သီယာမောင်ကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာကိုယ်စားပြု တက်ရောက်ခွင့်ရရန် ဖိတ်ကြားခြင်း ခံထားရကြောင်း ယနေ့နံနက်ပိုင်းတွင် သတင်းများ ထွက်ပေါ်လာပြီးနောက် ဒေါက်တာ စင်သီယာမောင် က ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။

“မဟုတ်ပါဘူး။ ကျွန်မကိုလည်း ဒီလိုပဲ လာမေးကြတယ်။ ကျွန်မ ဘာမှမကြားရပါဘူး” ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အာဏာသိမ်းစစ်ခေါင်းအား တက်ရောက်ခွင့် မပြုဘဲ နိုင်ငံရေး ကိုယ်စား မပြုသူကို တက်ရောက်ခွင့်ပြုရန် ယခုလ ၁၅ ရက်နေ့က ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် မည်သူ့အား ဖိတ်ကြားထားသည်ကိုမူ လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အာဆီယံ ထိပ်သီးအစည်းအဝေးကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခွင့် မရခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ် လာစေနိုင်ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required