အထူးကိုယ်စားလှယ် မြန်မာပြည်ဝင်ခွင့်ရရေးအတွက် အာဆီယံခေါင်းဆောင်များက စစ်ကောင်စီကို ထပ်မံတိုက်တွန်းမည်

အထူးကိုယ်စားလှယ် မြန်မာပြည်ဝင်ခွင့်ရရေးအတွက် အာဆီယံခေါင်းဆောင်များက စစ်ကောင်စီကို ထပ်မံတိုက်တွန်းမည်

အောက်တိုဘာ ၂၅

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ရရေးအတွက် မြန်မာအာဏာသိမ်းစစ်အုပ်စုကို အရှေ့တောင်အာရှနိုင်ငံများ၏ ခေါင်းဆောင်များက ဆက်လက်ဖိအားပေးသွားမည် ဖြစ်ကြောင်း ယခုအပတ် အာဆီယံထိပ်သီးတွေ့ဆုံပွဲ၌ ထုတ်ပြန်ရန် ရှိသည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ကြေညာချက် မူကြမ်းတစ်စောင်အရ သိရသည်။

Kyodo News က ကြည့်ရှုခွင့်ရခဲ့သည့် အဆိုပါ မူကြမ်းထဲတွင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် ဖြေရှင်းမှုနည်းလမ်းတစ်ရပ် ကူညီရှာဖွေရန် ပြီးခဲ့သည့် ဧပြီလက အာဆီယံခေါင်းဆောင်များ သဘောတူထားခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်နှင့်ပတ်သက်ပြီး ပေးထားသည့် ကတိကဝတ်အတိုင်း အကောင်အထည်ဖော်ရေး မြန်မာအာဏာသိမ်းစစ်အုပ်စုကို အာဆီယံခေါင်းဆောင်များက အကြွင်းမဲ့ တောင်းဆိုမည် ဖြစ်သည်။ "မြန်မာ့နိုင်ငံရေး၏ သက်ဆိုင်ပတ်သက်သူအားလုံးနှင့် အပြည့်အဝ တွေ့ဆုံနိုင်ခွင့်ရစေမှုနှင့်အတူ ယုံကြည်မှု တည်ဆောက်ရန်အတွက် မြန်မာဆိုင်ရာ အထူးသံတမန်၏ ခရီးစဉ် အဆင်ပြေချောမွေ့စေအောင် လုပ်ဆောင်ရေးကိုလည်း စစ်အုပ်စုကို တောင်းဆိုမည် ဖြစ်သည်။

ရည်ညွှန်းမှုက မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သည့် ဘရူနိုင်း ဒုနိုင်ငံခြားရေးဝန်ကြီး အာရီဝမ် ယူဆွတ်ဖ်ဖြစ်ပြီး ၎င်း၏ မြန်မာပြည်ခရီးစဉ်ကို စစ်အုပ်စုက လက်ရှိအချိန်အထိ အတည်ပြုပေးထားခြင်း မရှိသေးပေ။ မစ္စတာ အာရီဝမ်သည် ထိန်းသိမ်းခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အတိုက်အခံပုဂ္ဂိုလ်များ အပါအဝင် "လူပုဂ္ဂိုလ်တစ်ချို့" နှင့် တွေ့ဆုံခွင့်ရရေးအတွက် မရမက တောင်းဆိုထားခြင်းကြောင့် စစ်အုပ်စုဘက်က ၎င်း၏ ခရီးစဉ်ကို အတည်ပြုပေးခြင်း မရှိသေးခြင်း ဖြစ်သည်။

အာဆီယံ ခေါင်းဆောင်များသည် ယခုအပတ် အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ ဗီဒီယိုကွန်းဖရင့်ကနေတဆင့် တွေ့ဆုံစည်းဝေးကြမည်ဖြစ်ပြီး ယင်းတွင် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားထားခြင်း မရှိပေ။ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖယ်ထုတ်မှုကို မကြာသေးခင်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သဘောတူခဲ့ခြင်း ဖြစ်ပြီး စစ်အုပ်စုဘက်က အာဆီယံ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့်အကြား ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်မှုအတွက် ဖယ်ထုတ်ခံရခြင်း ဖြစ်သည်။

ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ "နိုင်ငံရေးပိုင်းက မဟုတ်သည့် ကိုယ်စားလှယ်တစ်ဦး" ကိုသာ တက်ခွင့်ပြုရန် အောက်တိုဘာ ၁၅ ရက် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည် ဖြစ်ရာ စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး ဦး ဝဏ္ဏမောင်လွင်လည်း နိုင်ငံကိုယ်စားပြု တက်ခွင့်ရမည် မဟုတ်ကြောင်း အာဆီယံ သံတမန်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"ဆိုတော့ ဒါက အစိုးရအမှုထမ်းတစ်ဦး ဖြစ်ရပါလိမ့်မယ်၊ ဝန်ကြီးတစ်ဦး ဒါမှမဟုတ် နိုင်ငံရေးရာထူးတစ်ခု ယူထားသူ မဖြစ်ရပါဘူး" ဟု သတင်းရင်းမြစ်က ပြောသည်။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အစည်းအဝေး ဖိတ်ကြားခြင်း မပြုသည့် ဆုံးဖြတ်ချက်အတွက် အကြီးဆုံး အကြောင်းရင်းတစ်ခုမှာ စစ်အုပ်စုကို ဆန့်ကျင်သူများဖြင့် ဖွဲ့စည်းထားသည့် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရက အာဆီယံထိပ်သီးအစည်းအဝေး၌ ကိုယ်စားပြုတက်ရောက်ခွင့်ကို တရားဝင် တောင်းဆိုခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

"မိမိတို့ရဲ့ အာဆီယံ အဆင့်တူပုဂ္ဂိုလ်တွေနဲ့အတူ ထိပ်သီးအစည်းအဝေးတွေမှာ မိမိတို့ရဲ့ မှန်ကန်ဖြစ်ထိုက်တဲ့ ပါဝင်တက်ရောက်ခွင့်ကို တောင်းဆိုဖို့ မိမိတို့ ဆန္ဒရှိတယ်" ဟု အာဆီယံ နိုင်ငံခြားရေးဝန်ကြီး ကိုးဦးထံ ပို့ခဲ့သည့် စာတစ်စောင်ထဲတွင် ပြောထားပြီး ထိုစာမိတ္တူတစ်စောင်ကို       Kyodo News က တွေ့မြင်နိုင်ခဲ့သည်။

"ဒါ့အပြင် မိမိတို့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ကြီးမားလှတဲ့ အခြေအနေတွေက ထိပ်သီးဆွေးနွေးပွဲတွေမှာ အထူးဦးစားပေးမှုနဲ့အတူ အရေးကြီးဆွေးနွေးမယ့် ကိစ္စဖြစ်မယ်လို့ မိမိတို့ ယုံကြည်ပါတယ်" ဟုလည်း စာထဲတွင် ပြောထားပြီး ထိုစာကို အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က လက်မှတ်ထိုးထားသည်။
မြန်မာတွင် မည်သူက တရားဝင်ဖြစ်သလဲ ဆိုသည့် ပြဿနာ ရှိနေချိန် အာဆီယံအုပ်စုအနေဖြင့် မြန်မာ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်နိုင်လိမ့်မည် မဟုတ်ဟု အာဆီယံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်အုပ်စုက အာဆီယံအထူးကိုယ်စားလှယ် အာရီဝမ်ကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဆက်သွယ်ရန် ပြောထားသည်ဟု သိရသည်။

မည်သို့ပင် ဖြစ်စေ အာဆီယံထိပ်သီးတွေ့ဆုံပွဲအပြီးတွင် အထူးကိုယ်စားလှယ် အာရီဝမ်အနေဖြင့် အာဏာသိမ်းစစ်အုပ်စုနှင့်အကြား ညှိနှိုင်းဆွေးနွေးရန် ဆက်လက်အားထုတ်မည့် အစီအစဉ်များ ရှိကြောင်း အာဆီယံသတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required