ပါကစ္စတန်နိုင်ငံ ဒေဝါလီခံရမည့် အန္တရာယ်ကျရောက်နေ

ပါကစ္စတန်နိုင်ငံ ဒေဝါလီခံရမည့် အန္တရာယ်ကျရောက်နေ

ပါကစ္စတန်နိုင်ငံ၏ ဒေသအများအပြား အထူးသဖြင့် ပါကစ္စတန်ထိန်းချုပ်မှုအောက်ရှိ ကက်ရှ်မီးယားဒေသ (PoK) တွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်သည့်အပေါ် ဒေါသထွက်သူများက ကုန်ဈေးနှုန်း မြင့်တက်မှုများကို ကိုင်တွယ်မဖြေရှင်းသည့် ဝန်ကြီးချုပ် အီမရန်ခန်းအစိုးရ နုတ်ထွက်ပေးရန် တောင်းဆိုနေကြသည်။

ယခုအခြေအနေတွင် ပါကစ္စတန်သည် ဒေဝါလီခံရမည့် အန္တရာယ်ရှိနေကြောင်း PoK ဝန်ကြီးချုပ်ဟောင်း ရာဂျာဖာရွတ်ဟာအီဒါက ပြောကြားလိုက်သည်။

အီမရန်ခန်း၏ ပြည်သူ့ရေးရာ မူဝါဒသည် လုံးဝအောင်မြင်ခြင်းမရှိကြောင်းနှင့် နိုင်ငံသည် လူမွဲစာရင်းကြေညာရမည့် အခြေအနေတွင် ရောက်ရှိနေကြောင်းလည်း ၎င်းက ပြောကြားသည်။

ကုန်ပစ္စည်းဈေးနှုန်းအားလုံး မြင့်တက်နေသလို ပြည်တွင်းထွက် ဂျုံနှင့် သကြားများလည်း ဈေးကြီးနေရခြင်းအကြောင်းကို မေးခွန်းများ ထုတ်လျက်ရှိသည်။

ဝန်ကြီးချုပ် အီမရန်ခန်း၏ ဆွစ်ဇာလန်ခရီးစဉ်အတွက် ငွေကြေးပံ့ပိုးပေးခဲ့ကြသော လူဆိုးများက ပါကစ္စတန်တွင် ဆိုင်များမှ ခိုးယူလူယက်ခြင်းများကို နေ့စဉ် လုပ်ဆောင်နေကြကြောင်း၊ အီမရန်ခန်း၏ ခရီးစဉ်အတွက် ၎င်းတို့က ကုန်ကျစရိတ်ကို ကျခံခဲ့ကြသော်လည်း ကုန်ကျငွေများကို ၎င်းတို့က နည်းအမျိုးမျိုးဖြင့် ပြန်လည်ရရှိအောင် လုပ်ဆောင်နေကြကြောင်း PoK ဝန်ကြီးချုပ်ဟောင်းက ပြောကြားသည်။

ငွေကြေးဖောင်းပွမှုကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ရွေးကေက်ပွဲကို ပြန်လည်ကျင်းရန် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

ကရာချိမြို့တွင် နေထိုင်သူ မိုဟာမက်တာရက်ခ်က ကိုရိုနာဗိုင်းရပ်စ်က ပြည်သူများအတွက် ပထမဆုံးဒုက္ခပေးသည့် အရာဖြစ်ပြီး ယခုအခါ အခြေခံ ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်မှုကြောင့် နေ့စဉ် နေထိုင်စရိတ်များ မြင့်တက်လာကြောင်း ပြောကြားသည်။

ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းနှင့် အစိုးရက အလေးမထားသည့် လုပ်ရပ်များနှင့် ပတ်သက်၍ မကြာသေးမီကလည်း ပါကစ္စတန်နိုင်ငံအနှံ့အပြား အထူးသဖြင့် PoK တွင် ဆန္ဒပြ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly