ထိုင်ဝမ်ဝန်ကြီး၏ ခရီးစဉ်အပေါ် ဆလိုဗက်နှင့် ချက်နိုင်ငံများကို တရုတ် သတိပေး

ထိုင်ဝမ်ဝန်ကြီး၏ ခရီးစဉ်အပေါ် ဆလိုဗက်နှင့် ချက်နိုင်ငံများကို တရုတ် သတိပေး

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက် ဝူ၏ လာမည့်သတင်းပတ်တွင် ဆလိုဗက်ကီးယားနှင့် ချက်သမ္မတ နိုင်ငံများ သို့ သွားရောက်မည့် ခရီးစဉ်မတိုင်မီ တရုတ်အစိုးရက ၎င်း၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် လိုအပ်သလိုဆောင်ရွက်မည့် အစီအမံများကို မည်သူမှ မှန်းဆမရနိုင်ကြောင်း အဆိုပါ ၂ နိုင်ငံစလုံးကို တရုတ်က အောက်တိုဘာ ၂၂ရက်တွင် သတိပေးလိုက်သည်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်သော ထိုင်ဝမ်ကို ယင်း၏ ပိုင်နက်နယ်မြေအဖြစ် တရုတ်က အခိုင်အမာ ပြောကြား ထားပြီး ထိုင်ဝမ်အကြီးတန်းအရာရှိများ အခြားနိုင်ငံများသို့ သွားရောက်ပါက ယင်းသည် သွယ်ဝိုက်သောနည်းဖြင့် ထိုင်ဝမ်အား နိုင်ငံအဖြစ် အသိမှတ်ပြုခြင်းဖြစ်သည်ဟု သတ်မှတ်ကာ တရုတ်က အမြဲဒေါသထွက်လေ့ရှိသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်း က ဂျိုးဆက် ဝူ၏ တက်သုတ်ရိုက်သည့် ခရီးစဉ် ကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။

ချက်နှင့် စလိုဗက်တို့ကို တုံ့ပြန်သည့် ဆောင်ရွက်ချက်များကို တရုတ်က လုပ်ဆောင်မည်လားဟု မေးမြန်းရာ ၎င်းက "နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ခိုင်မြဲစွာ ကာကွယ်ဖို့ အတွက် တရုတ်အနေနဲ့ သင့်တော်ပြီး လိုအပ်တဲ့ အစီအမံတွေကို လုပ်ဆောင်သွားမယ်ဆိုတာကို မည်သူမျှ ထင်ယောင် ထင်မှား မဖြစ်သင့်ပါဘူး" ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့် လစ်သူယေးနီးယားမြို့တော်များတွင် အလွတ်သဘော သံရုံးများ ဖွင့်ရန်သဘောတူပြီးနောက် တရုတ်နှင့် လစ်သူယေးနီးယားတို့ အငြင်းပွားနေကြသည်။

တရုတ်နှင့် လစ်သူယေးနီးယားတို့က ယင်းတို့၏ သံတမန်များကို ပြန်ခေါ်ယူခဲ့ကြသည်။

ထိုင်ဝမ်သည် ဗာတီကန်မြို့တော်မှလွဲ၍ အခြားဥရောပနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးမရှိပေ။

တရုတ်ဖိအားကြောင့် နိုင်ငံအများအပြားသည် ထိုင်ဝမ်ထိပ်တန်းဝန်ကြီးများကို လက်ခံတွေ့ဆုံရန် ဆန္ဒမရှိကြသော်လည်း ၂၀၁၉ ခုနှစ်တွင် ကိုပင်ဟေဂင်ဒီမိုကရေစီထိပ်သီးအစည်းအဝေးတွင် စကားပြောရန် ဝူသည် ဒိန်းမတ်သို့ သွားရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly