ကနေဒါ ပစိဖိတ်ကမ်းလွန်မှာ ကုန်တင်သင်္ဘောမီးလောင်ပြီး အဆိပ်ဖြစ်ဓာတ်ငွေ့တွေ ပန်းထွက် 

ကနေဒါ ပစိဖိတ်ကမ်းလွန်မှာ ကုန်တင်သင်္ဘောမီးလောင်ပြီး အဆိပ်ဖြစ်ဓာတ်ငွေ့တွေ ပန်းထွက် 
Photo - AFP

အောက်တိုဘာ ၂၅

ကနေဒါနိုင်ငံ ပစိဖိတ်ကမ်းလွန်မှာ အဆိပ်ဖြစ်ဓာတ်ငွေ့တွေ ပန်းထွက်နေတဲ့ မီးလောင်ကုန်တင်သင်္ဘောပေါ်ကနေ လူ ၁၆ ဦးကို ကနေဒါကမ်းခြေစောင့်တပ်က ဘေးလွတ်ရာဆီ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ 

အခုလို ကမ်းလွန်မှာ ကုန်တင်သင်္ဘော မီးလောင်ပြီး အဆိပ်ဖြစ်ဓာတ်ငွေ့တွေ ပန်းထွက်နေပေမယ့် ကမ်းခြေက လူတွေအတွက် ‘ဘေးအန္တရာ မရှိ’ ဘူးလို့ အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ 

Zim Kingston အမည်ရ ဒီ ကုန်သင်္ဘောဟာ ဗြိတိသျှကိုလံဘီယာပြည်နယ် ဗစ်တိုးရီးယားမြို့ ကမ်းလွန်က ကနေဒါနဲ့ အမေရိကန်ကြားက ရေပြင်နယ်နမိတ်ဖြစ်တဲ့ ဂျန်ဒီဖူကာ ရေလက်ကြားမှာ ကျောက်ချထားတာ ဖြစ်တယ်လို့ ရေကြောင်းသွားလာမှု ခြေရာခံဝက်ဘ်ဆိုက်ဖြစ်တဲ့ Marine Traffic အရ သိရပါတယ်။ 

ဗန်ကူးဗားမြို့ဆီ ဦးတည်လာချိန်မှာ ဒီ သင်္ဘော မီးလောင်မှုဖြစ်တာကြောင့် ကမ်းခြေစောင့်တပ်ဆီ စနေနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီလောက်မှာ သတင်းအကြောင်းကြားတာ ဖြစ်တယ်လို့ CBC News က သတင်းထုတ်လွှင့်ပါတယ်။ 

“”သင်္ဘော မီးလောင်ပြီး အဆိပ်ဖြစ်ဓာတ်ငွေ့တွေ ပန်းထွက်နေပါတယ်”ဆိုပြီး ကမ်းခြေစောင့်တပ်က ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ သတိပေး ရေးသားပါတယ်။ 

ကမ်းခြေစောင့်တပ်ရဲ့ တွစ်တာအကောင့်ကနေ နောက်ပိုင်း ထုတ်ပြန်ရာမှာတော့ သင်္ဘောပေါ်မှာ ကွန်တိန်နာ ဆယ်လုံး မီးလောင်ပြီး လူ ၁၆ ဦးကို ဘေးလွတ်ရာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

“မီးက ဆက်ပြီး အားကြီးနေတယ်၊ မတော်တဆမှု ကွပ်ကဲရေးရုံးကို အခု အခြေအနေကို တာဝန်ယူထားတယ်၊ မီးကို ငြိမ်းသတ်နေသလို သင်္ဘောပေါ်ကနေ လွင့်ကျတဲ့ ကွန်တိန်တွေကိုလည်း ပြန်လည်ဆယ်ယူဖို့ လုပ်နေတယ်”ဆိုပြီး အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

“လက်ရှိတော့ ကမ်းခြေက လူတွေအတွက် စိုးရိမ်စရာ မရှိသေးပေမယ့် အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါတယ်”လို့ အဲဒီ တွစ်တာရေးသားချက်မှာ ဖော်ပြပါတယ်။ 

တနင်္ဂနွေနေ့မှာတော့ ကမ်းခြေစောင့်တပ်ဟာ သင်္ဘောပတ်လည်က အရေးပေါ်ဇုန် သတ်မှတ်ထားချက်ကို အရင်က တစ်ပိုင်ပတ်လည် သတ်မှတ်ထားရာက ရေမိုင် နှစ်မိုင်ပတ်လည်အထိ တိုးချဲ့သတ်မှတ်ခဲ့ပါတယ်။ 

“ကုန်တင်သင်္ဘောပေါ်မှာ ဓာတုပစ္စည်းတွေ ပါလာတာကြောင့် မီးကို ရေနဲ့ တိုက်ရိုက်ငြှိမ်းသတ်တာမျိုး လုပ်လို့ မရဘူး ဖြစ်နေတာပါ”လို့ ထုတ်ပြန်ချက်မှာ ဆိုထားပြီး ဆွဲသင်္ဘောတစ်စင်းကနေပြီး မီးလောင်မှုဖြစ်တဲ့ သင်္ဘောကိုယ်ထည်ကို ရေအေးတွေနဲ့ ပက်ဖျန်းပြီး မီးကို တားနေရတယ်လို့ ဖြည့်စွက်ဖော်ပြထားပါဝယ်။ 

မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါ။ 

ကွန်တိန်နာ နှစ်လုံး မီးလောင်နေတာတဖြစ်တဲ့ ဒီ သင်္ဘောမှာ ဓာတုပစ္စည်း ကီလိုဂရမ် ၅၂၀၀၀ ကျော် တင်ဆောင်လာတယ်လို့ ကမ်းခြေစောင့်တပ်က ပြောကြောင်း CBC News က ဖော်ပြခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly