အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးက “ကြီးလေးသော အပြစ်” လို့ အီရန်ဘာသာရေးဥသျှောင် ပြော 

အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးက “ကြီးလေးသော အပြစ်” လို့ အီရန်ဘာသာရေးဥသျှောင် ပြော 
Photo - AFP

အောက်တိုဘာ ၂၅

ပြီးခဲ့တဲ့နှစ်က အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်ခဲ့တဲ့ အာရပ်နိုင်ငံတွေဟာ “ကြီးလေးသော အပြစ်” ကျူးလွန်ရာ မြောက်နေပြီး ဒီလို လုပ်ရပ်မျိုးကနေ နောက်ကြောင်းပြန်လှည့်သင့်တယ်လို့ အီရန်နိုင်ငံရဲ့ ဘာသာရေးဥသျှောင် အလီ ခါမေနီက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ 

အာရပ်-အစ္စရေး ပြန်လည်သင့်မြတ်ရေးကို ဦးစားပေး နိုင်ငံခြားရေးမူဝါဒအဖြစ် ချမှတ်ထားတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် အစိုးရလက်ထက်မှာ ယူအေအီး၊ ဘာရိန်း၊ ဆူဒန်နဲ့ မော်ရိုကိုနိုင်ငံတွေဟာ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံ ထူထောင်ဖို့ ၂၀၂၀ ခုနှစ်က သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ 

“ဝမ်းနည်းစရာက အစိုးရအချို့ဟာ အမှားတွေ လုပ်နေတယ်၊ ကျူးကျော်စိတ်ရှိပြီး ရင်လေးစရာ ကောင်းတဲ့ ဇီယွန်အစိုးရနဲ့ ပုံမှန်ဆက်ဆံ ထူထောင်တဲ့ ကြီးလေးတဲ့ အပြစ်ကို ကျူးလွန်ရင်း အမှားကြီး မှားနေကြတယ်”လို့ ခါမေနီက အစ္စရေးကို ရည်ညွှန်းပြီး ပြောပါတယ်။ 

“ဒါဟာ အစ္စလာမ် ညီညွတ်မှုကို သွေဖည်တာပဲ၊ ဒီ အစိုးရတွေအနေနဲ့ အခု လမ်းကြောင်းကနေ နောက်ကြောင်းပြန်လှည့်ပြီး အမှားကြီးမှားနေတာကို ချေဖျက်ပစ်ရမှာ ဖြစ်တယ်”ဆိုပြီး တမန်တော် မိုဟာမတ် ဖွားမြင်မှုကို အလေးအမြတ်ပြုတဲ့ အခမ်းအနားမိန့်ခွန်းမှာ ခါမေနီက ပြောခဲ့ပါတယ်။ 

အီရန်နိုင်ငံဟာ ပါလက်စတိုင်းအရေးမှာ ပြတ်ပြတ်သားသား ခုခံကာကွယ်သူအဖြစ် ကိုယ်တိုင်ရပ်တည်ခဲ့တာဟာ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ် တော်လှန်ရေး ပေါ်ပေါက်ခဲ့ပြီးကတည်းကပါ။ 

ပြီးခဲ့တဲ့နှစ် မတိုင်ခင်အထိ အီဂျစ်နဲ့ ဂျော်ဒန် နှစ်နိုင်ငံကပဲ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေး ရှိခဲ့တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ 

“မွတ်စလင်တွေသာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိမယ်ဆိုရင် ပါလက်စတိုင်းအရေးကို အကောင်းဆုံး ဖြေရှင်းနိုင်ပါလိမ့်မယ်”လို့ ခါမေနီက ဆိုပါတယ်။ 

အစ္စရေးဟာ “အကြမ်းဖက် အခြေစိုက်စခန်း” ဖြစ်ပြီး “နိုင်ငံတစ်နိုင်ငံ မဟုတ်ဘူး” လို့ ခါမေနီက မေလအတွင်းကလည်း ဝိသေသတပ် ပြောဆိုခဲ့ပါတယ်။ 

ခါမေနီရဲ့ မိန့်ခွန်းပြောဆိုပြီး အချိန်ပိုင်းမှာပဲ အီရန်ရဲ့ ထိပ်တန်းလုံခြုံရေးတာဝန်ရှိသူ အလီ ရှမ်ခါနီဟာ အစ္စရေးကို အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို တိုက်ခိုက်လာရင် “တုန်လှုပ်ခြောက်ခြားဖွယ်ရာ တုံ့ပြန်မှု” အဖြစ် ပျက်စီးဆုံးရှုံးမှု “ဒေါ်လာ ဘီလီယံပေါင်းများစွာ” ကို ဆုံးရှုံးနစ်နာရစေမယ်လို့ စိတ်ပိုင်းဖြတ် ပြောဆိုပါတယ်။ 

အီရန်ရဲ့ နျူကလီးယား စီမံကိန်းကို ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်မှုအတွက် စစ်တပ်က ပြင်ဆင်ဖို့ ရှီကယ်ငွေ ငါးဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ) ခွင့်ပြုပေးထားကြောင်း အစ္စရေးမီဒီယာတွေက ဖော်ပြလာတာကို တုံ့ပြန်ပြီး အီရန်ရဲ့ အထူးအမျိုးသားလုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူး ရှမ်ခါနီက ပြောဆိုလာတာပဲ ဖြစ်ပါတယ်။ 

အစ္စရေးဟာ နျူကလီးယား အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အဖျက်အမှောင့်တွေ လုပ်ဆောင်နေတယ်လို့ အီရန်နိုင်ငံက အကြိမ်ကြိမ် စွပ်စွဲပြောဆိုနေခဲ့တာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly