မြန်မာအလုပ်သမားနှစ်ဦး သေဒဏ်ကိစ္စ ခုနှစ်ရက်အတွင်း အယူခံဝင်မည်

မြန်မာအလုပ်သမားနှစ်ဦး သေဒဏ်ကိစ္စ ခုနှစ်ရက်အတွင်း အယူခံဝင်မည်

ဒီဇင်ဘာ ၂၄ ရက်၊ ချင်းမိုင်(မဇ္ဈိမ)။          ။ ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုဖြင့် တရားစွဲခံရသော မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ဝေဖြိုး (ခ) ဝင်းဇော်တို့အား လူသတ်မှု အပါအဝင် ပုဒ်မ ၇ မှုဖြင့် သေဒဏ်ချမှတ်လိုက်သဖြင့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအတွက် အလားအလာမကောင်းကြောင်း မြန်မာ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့် က ပြောသည်။

“ကလေးတွေက ပြစ်မှုကျူးလွန်သူ မဟုတ်ဘူးဆိုတာကိုလည်း သူတို့ဘက်က စွတ်စွဲတဲ့ အချက်တွေကိုလည်း ဖြေရှင်းခဲ့ပြီးပါပြီ။ အဓိက စစ်ဆေးချက်ဖြစ်တဲ့ ဒီအန်အေကိုလည်း သူတို့နိုင်ငံက   ဒေါက်တာကိုယ်တိုင်ကလည်း စစ်ဆေးခံပြီးပါပြီ။ ဘယ်လိုမှ အပြစ်ပေးလို့မရတဲ့ဟာကို ပြစ်ဒဏ်အမြင့်ဆုံးပေးတယ်ဆိုတော့ အနာဂတ်မှာ မြန်မာ အလုပ်သမားတွေအတွက် မကောင်းတဲ့ အလားအလာဘဲလို့ ပြောချင်တယ်။” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ထိုင်းရဲတပ်ဖွဲ့ဘက်မှ စွတ်စွဲချက်များအပေါ် ပြန်လည်ချေပနိုင်ခဲ့သလို၊ ထိုင်းနိုင်ငံ ဗဟိုမှုခင်းဆေးပညာသိပ္ဗံဌာန ညွန်ကြားရေးမှူး ဒေါက်တာ ဖွန်းထစ် ရိုကျနာ ဆူလန် ကိုယ်တိုင် မျိုးရိုးဗီဇ စစ်ဆေးမှုတွင် နည်းလမ်းမှန်ကန်မှု မရှိကြောင်း စက်တင်ဘာလ ၂၂ ရက်က တရားရုံးသို့ ထွက်ဆိုခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်မှ အောက်တိုဘာလ ၁၁ ရက်ထိ စုစုပေါင်း ၂၁ ရက်ကြာ ကော့စမွေတရားရုံးတွင် စစ်ဆေးခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် အပြီးသတ် စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သူတို့နှစ်ဦး၏ အမှု အယူခံကို ဘန်ကောက်မြို့ရှိ တရားလွှတ်တော်ချုပ်သို့ ၇ ရက်အတွင်း အယူခံဝင်မည်ဟု သိရသည်။

“ဥပဒေအရ အပြစ်မပေးသင့်ဘူးလို့ အတန်တန်ပြောခဲ့တာပါ။ မျက်မြင်သက်သေမရှိဘဲနဲ့ ဒီလို ပြစ်ဒဏ် အမြင့်ဆုံးကို ပေးတယ်ဆိုတာကတော့ တော်တော်လေး စိတ်မကောင်းစရာပါ။ ဒီကလေးတွေဟာ   နိုင်ငံတော်က လူကြီးတွေ ပံ့ပိုးနေပါလျက်နဲ့ ဒီလို ပြစ်ဒဏ် လွန်လွန်ကျူးကျူးခံရတယ်ဆိုတာကိုက အန်ကယ် စိတ်မကောင်းအလွန်ဖြစ်မိပါတယ်။” ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ကိုဇော်လင်းနှင့် ဝေဖြိုး (ခ) ဝင်းဇော်တို့ကို လူသတ်မှုနှင့် မဒိန်းမှု တို့ကို သေဒဏ်၊ ပစ္စည်းခိုးမှု၊ လုယက်မှုက နှစ်ပေါင်း ၂၀၊ ထိန်ချန်မှုကို ၅ နှစ်၊ ပူးပေါင်းကြံစည်မှု ၅ နှစ် တရားမဝင် ဝင်ရောက်မှုက ၆ လ၊ ဆက်လက် နေထိုင်မှုက ၆ လ အသီးသီး ချမှတ်လိုက်ရာ သေဒဏ်နှစ်ခုနှင့် ထောင်ဒဏ် ၃၁ နှစ်ထိ ချမှတ်လိုက်သည်ဟု ရှေ့နေက ပြောသည်။

တရားခံဘက်မှ ထိုင်းတရားစွဲ အဖွဲ့က ဖြောင့်ချက်ယူရာတွင် ရဲစခန်းတွင် ခြိမ်းခြောက်၍ ယူခဲ့သဖြင့် မှန်ကန်မှုမရှိခြင်း၊ မျိုးရိုးဗီဇ (DNA) စစ်ဆေးမှုတွင် တူညီမှု မရှိခြင်း၊ မှန်ကန်မှုမရှိသဖြင့်   ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း တရားစွဲခံရသူ၏ ရှေ့နေများဘက်မှ ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား ဟန်နာ (၂၃နှစ်) နှင့် ဒေးဗစ် (၂၄နှစ်) တို့သည် ခိုတောင်ကျွန်းပေါ်တွင် အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရပြီးနောက်   မြန်မာနိုင်ငံသား   နှစ်ဦးကို ဖမ်းဆီးကာ ထိုင်းရဲတပ်ဖွဲ့က တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သူတို့ နှစ်ဦး၏အမှုကို ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာစုံစမ်းစစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ကူညီဆောင်ရွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly