နိုင်ငံ ၁၀ နိုင်ငံမှ သံအမတ်ကြီးတွေကို နှင်ထုတ်ဖို့ တူရကီသမ္မတ ညွှန်ကြား

နိုင်ငံ ၁၀ နိုင်ငံမှ သံအမတ်ကြီးတွေကို နှင်ထုတ်ဖို့ တူရကီသမ္မတ ညွှန်ကြား

အောက်တိုဘာ ၂၄

တူရကီနိုင်ငံမှာ အကျဉ်းချခံထားရတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့ အမေရိကန်၊ ဂျာမနီ အပါအဝင် နိုင်ငံဆယ်နိုင်ငံမှ သံအမတ်ကြီးတွေကို နှင်ထုတ်ပစ်ဖို့ တူရကီသမ္မတ ရီဆက် တေယစ် အာဒိုဂန်က ၎င်းရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အောက်တိုဘာ ၂၃ ရက်မှာ ညွှန်ကြားခဲ့ပါတယ်။

"ဒီ သံအမတ်ကြီး ၁၀ ယောက်ကို နိုင်ငံမှာ သံအဖွဲ့ဝင်တွေအဖြစ် ဆက်လက်ထားရှိဖို့ ကျွန်တော်တို့အစိုးရဘက်က မလိုလားသူတွေအဖြစ် တတ်နိုင်သမျှ အမြန်ဆုံးကြေညာဖို့ နိုင်ငံခြားရေးဝန်ကြီးကို ကျွန်တော် ညွှန်ကြားထားပါတယ်" လို့ အာဒိုဂန်က ပြောပါတယ်။

သံအမတ်တွေကို နှင်ထုတ်မယ့် ရက်အတိအကျကိုတော့ ၎င်းက ပြောမသွားခဲ့ပါဘူး။

"သူတို့အနေနဲ့ တူရကီနိုင်ငံအကြောင်း သိရှိ နားလည်ဖို့ လိုပါတယ်၊ တူရကီအကြောင်း နားမလည်တဲ့နေ့မှာ သူတို့ ထွက်ခွာရပါလိမ့်မယ်" လို့ အာဒိုဂန်က သံအမတ်ကြီးတွေနဲ့ပတ်သက်လို့ ပြောခဲ့ပါတယ်။

ပါရီဖွား ပရဟိတသမားနဲ့ တက်ကြွလှုပ်ရှားသူ အိုစ်မန် ကာဗာလာကို ဆက်လက် ဖမ်းဆီးထောင်ချထားတာက တူရကီအတွက် ပုံရိပ်ပျက်စီးစေကြောင်း သံအမတ်တွေက ပြီးခဲ့တဲ့ တနင်္လာနေ့က ထူးထူးခြားခြား ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တူရကီမှာ ကာဗာလာရဲ့ အမှုကို တရားမျှတစွာနဲ့ အမြန်ဆုံး ဖြေရှင်းဖို့ကိုလည်း အမေရိကန်၊ ဂျာမနီ၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေနဲ့ ဆွီဒင်တို့က တောင်းဆိုခဲ့ပါတယ်။

ကာဗာလာကတော့ တူရကီမှာ ၂၀၁၇ ခုနှစ်ကတည်းက ပြစ်မှုထင်ရှားကြောင်း စီရင်ခြင်း မရှိဘဲ ထောင်ချခံထားရပြီး ၎င်းဟာ ၂၀၁၃ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေနဲ့ မအောင်မြင်ခဲ့တဲ့ ၂၀၁၆ စစ်အာဏာသိမ်းကြိုးပမ်းမှုတို့နဲ့ ဆက်နွယ်ပတ်သက်တဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

၎င်းဟာဆိုရင် အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို ကျော်လွှားလွတ်မြောက်ခဲ့တဲ့နောက်ပိုင်း တူရကီသမ္မတ အာဒိုဂန် ဖော်ဆောင်ခဲ့တဲ့ ကျယ်ပြန့်တဲ့ ဖြိုခွင်းနှိမ်နင်းမှုတွေရဲ့ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly