မွန်ပြည်နယ်တွင်း NLD ရုံး ၃ ရုံး ဗုံးဖောက်ခွဲခံရ

မွန်ပြည်နယ်တွင်း NLD ရုံး ၃ ရုံး ဗုံးဖောက်ခွဲခံရ

အောက်တိုဘာလ ၂၄ ရက်

မွန်ပြည်နယ်တွင်း မြို့သုံးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးအဆောက်အဦများ မရှေးမနှောင်းပင် ဗုံးဖောက်ခွဲဖျက်ဆီးခြင်းခံရကြောင်း ဒေသခံများက ပြောသည်။

ကျိုက်ထို၊ သထုံနှင့် ဘီးလင်းမြို့တို့ရှိ NLD ရုံးများ ဗုံးခွဲခံရခြင်းဖြစ်ပြီး ည ၁၁ နာရီ ၄၀ မိနစ်တွင် ကျိုက်ထို ကော့စနိုင်ရပ်ကွက်ရှိရုံး၊ အောက်တိုဘာ ၂၄ ရက် နံနက် ၁ နာရီ မိနစ် ၄၀ အချိန်တွင် သထုံ လိပ်အင်းရပ်ကွက်ရှိရုံးနှင့် ဘီးလင်းမြို့နယ် ဆရာစံရပ်ကွက်ရှိရုံးတို့တွင် ပေါက်ကွဲမှုများဖြစ်သည်။ 

“ဘီးလင်းမြို့နယ် နဲ့ သထုံမြို့ ရုံးကတော့ ပြိုသွားကြတယ်။ ကျိုက်ထိုရုံးကတော့ နှစ်ထပ်ဆိုတော့ မပြိုဘူး။ လူထိခိုက် မိတာတော့ မကြားမိဘူး “ဟု ဒေသခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီ၏ အာဏာအသိမ်းခံရသော ရွေးကောက်ပွဲအနိုင်ရပါတီ၏ရုံးများကို ပစ်မှတ်ထားဖောက်ခွဲမှုများယခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် ဖြစ်ပေါ်နေရာ ထားဝယ်မြို့ရှိရုံး အဆောက်အအုံသည် အောက်တိုဘာ ၂၁ ရက်နေ့တွင် ဗုံးဖောက်ခွဲခံခဲ့ရပြီး မြိတ်မြို့ရှိရုံးသည်  အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဗုံးဖောက်ခွဲ ခံခဲ့ရသည်။

ထို့အပြင် ရေဖြူရှိ NLD ရုံးရှေ့ခြံစည်းရိုးတွင် လူ့ခေါင်းပြတ်တစ်ခုကို ခိုးချိတ်သွားမှုလည်း ဖြစ်ပေါ်ခဲ့ရာ လက်သည်မပေါ်ဘဲဖြစ်ခဲ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly