ကိုလံဘီယာရဲ့ အလိုအရှိဆုံး မူးယစ်ရာဇာကို ဖမ်းမိ

ကိုလံဘီယာရဲ့ အလိုအရှိဆုံး မူးယစ်ရာဇာကို ဖမ်းမိ
Photo: : AFP

အောက်တိုဘာလ ၂၄ ရက်

ကိုလံဘီယာနိုင်ငံမှာ အလိုအရှိဆုံး မူးယစ်ရာဇာ ဖြစ်တဲ့ “အော်တိုနီယယ်” ကို ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူတွေက အောက်တိုဘာ ၂၃ ရက်မှာ ပြောပါတယ်။

မူးယစ်ဆေးတိုက်ဖျက်မှုတွေ အားထုတ်လုပ်ဆောင်နေပေမယ့် ကမ္ဘာ့ ကိုကင်း  အများဆုံးထုတ်လုပ်တင်ပို့သူ ဖြစ်နေဆဲဖြစ်တဲ့ ကိုလံဘီယာနိုင်ငံမှာ ဒီ ဖမ်းဆီးရမိမှုဟာ အစိုးရအတွက်ကတော့ အဓိက အောင်ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။

ယင်းနိုင်ငံမှာ Gulf Clan လို့ သိကြတဲ့ အကြီးဆုံး မူးယစ်ဆေးမှောင်ခိုဂိုဏ်းတစ်ဂိုဏ်းကို ဦးစီးနေသူဖြစ်တဲ့ အော်တိုနီယယ် ခေါ် ဒါရီယို အန်တိုနီယို အူဆူဂါ ကို ပနားမားနဲ့ နယ်စပ်အနီး နီကိုကလီမြို့ရှိ ၎င်းရဲ့ အဓိကစခန်းတစ်ခုအနားမှာ ဖမ်းမိနိုင်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရက ထုတ်လွှင့်ဖော်ပြတဲ့ ရုပ်သံပုံရိပ်တွေထဲမှာတော့ လက်ထိပ်ခတ်ခံထားရလျက် ရှိနေတဲ့ အသက် ၅၀ နှစ်ရှိ အော်တိုနီယယ်နဲ့အတူ ၎င်းရဲ့ အနားမှာ စစ်သားတွေ ဝိုင်းရံထားတာကို ပြသထားပါတယ်။

“ဒါဟာ ဒီရာစုနှစ်အတွင်း ကျွန်တော်တို့နိုင်ငံမှာ မူးယစ်ဆေး မှောင်ခိုကူးမှု တိုက်ဖျက်မှုပိုင်းမှာ အခက်ခဲဆုံး စစ်ဆင်ရေးတစ်ခုလည်း ဖြစ်ပါတယ်” လို့ ကိုလံဘီယာ သမ္မတ အိုင်ဗန် ဒူကေးက ပြောပါတယ်။

ဒါ့အပြင် ဒီဖမ်းဆီးမှုဟာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မူးယစ်ရာဇာကြီး ပါဘလို အက်စ်ကိုးဘား နှိမ်နင်းဖြိုခွင်းခံရမှုနဲ့‌ နှိုင်းယှဥ်လို့ ရနိုင်တယ်လို့လည်း ၎င်းက ပြောပါတယ်။

ဒီ စစ်ဆင်ရေးကို လုပ်ဆောင်ဖို့အတွက် နီကိုကလီ မြို့မှာ စစ်သား ၅၀၀ ခန့်အထိ ဖြန့်ကျက်ခဲ့ရသလို ရဟတ်ယာဥ် ၂၂ စင်းနဲ့ ထောက်ကူပံ့ပိုးခဲ့ရတယ်လို့ သိရပါတယ်။ ဒီစစ်ဆင်ရေးမှာ ရဲတစ်ဦး သေဆုံးခဲ့ပါတယ်။

“ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ စစ်တပ်သမိုင်းမှာ တောအုပ်ထဲ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ အကြီးဆုံးစစ်ဆင်ရေးတစ်ခုလည်း ဖြစ်ပါတယ်” လို့ သမ္မတ ဒူကေးက ပြောပါတယ်။

အာဏာပိုင်တွေဟာ အမေရိကန်၊ ယူကေတို့က အေဂျင်စီတွေနဲ့အတူ ပူးပေါင်းပြီး “အရေးပါတဲ့ ဂြိုဟ်တု စစ်ဆင်ရေးတစ်ခု” လုပ်ခဲ့တယ်လို့လည်း ကိုလံဘီယာ ရဲချုပ် ဂျော့ ဗားဂက်စ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့အဆိုအရ အော်တိုနီယယ်ဟာ အူရာဘာဒေသမှာ ရှိတဲ့ တောအုပ်ထဲမှာ ပုန်းခိုနေခဲ့ကြောင်းနဲ့ ၎င်းဟာ ဖုန်း အသုံးမပြုခဲ့ဘဲ ဆက်သွယ်ချိတ်ဆက်ဖို့ ဆက်သားတွေကိုပဲ အားကိုးခဲ့တယ်လို့ သိရပါတယ်။

အာဏာပိုင်တွေရန်ကို ကြောက်ပြီး ၎င်းဟာ မိုးထဲရေထဲ အိပ်စက်ခဲ့တာတွေ ရှိခဲ့သလို လူနေဧရိယာတွေဆီနား ဘယ်တုန်းကမှ မကပ်ခဲ့ဘူးလို့ လည်း သိရပါတယ်။

ကိုလံဘီယာမှာ ကြောက်စရာအကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ၎င်းကို ဖမ်းဆီးရမိဖို့အတွက် သတင်းပေးသူကို ဆုငွေ ငါးသန်း‌ပေးမယ်လို့ အမေရိကန်က ကမ်းလှမ်းထားခဲ့ပါတယ်။

မူးယစ်ဆေး မှောင်ခိုကူးမှု၊ တရားမဝင် သတ္တုတူးဖော်မှု နဲ့ ခြိမ်းခြောက်ငွေညှစ်မှုတို့ကနေတဆင့် ငွေရှာထားခဲ့တဲ့ Gulf Clan မူးယစ်ဂိုဏ်းဟာ နိုင်ငံမှာ ၂၀၁၆ ခုနှစ်က FARC သူပုန်တွေနဲ့ အစိုးရအကြား ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု လက်မှတ်ထိုးပြီးနောက်ပိုင်း နိုင်ငံတဝန်း အဆိုးရွားဆုံး အကြမ်းဖက်မှုတွေကို ဖြစ်စေခဲ့တဲ့ အဓိကအဖွဲ့တစ်ခု ဖြစ်တယ်လို့ အစိုးရက ပြစ်တင်ထားခဲ့ပါတယ်။

Gulf Clan ဂိုဏ်းဟာ နိုင်ငံတဝန်း မြူနီစီပယ်မြို့ပေါင်း ၃၀၀ နီးပါးလောက်မှာ လှုပ်ရှားနေတယ်လို့ လွတ်လပ်တဲ့ think tank အဖွဲ့ဖြစ်တဲ့ Indepaz က ပြောပါတယ်။ ဒါပေမယ့် မကြာသေးခင်ကာလအတွင်း အစိုးရရဲ့ အားထုတ်နှိမ်နင်းမှုတွေကြောင့် ယင်းဂိုဏ်းဟာ အင်အားလျော့နည်းသွားခဲ့တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly