အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အစ္စရေးသို့ သွားရောက်မည်

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အစ္စရေးသို့ သွားရောက်မည်

အာရပ်ကမ္ဘာနှင့် ဆက်ဆံရေး ပြုပြင်ပြောင်းလဲလာသည့် အိန္ဒိယနိုင်ငံအား အရှေ့အလယ်ပိုင်းဒေသ၏ တိုးတက်လာသော မဟာဗျူဟာအခြေအနေတွင် အဓိက အခန်းကဏ္ဍပါ ဝင်ရန် အစ္စရေးနိုင်ငံက လိုလားလျက်ရှိသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ တဲလ်အဗစ်မြို့သို့ မလာရောက်မီ အစ္စရေးနိုင်ငံခြားရေးရာ အတွင်းဝန်အာလွန်အူဆာပစ်ဇ်က Times of India နှင့် သီးခြားပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် “အိန္ဒိယအနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အခြေအနေသစ်တစ်ရပ်ကို ဘယ်လို ဆောင်ရွက်နိုင်မယ်ဆိုတာ ကျွန်တော်တို့ များစွာ မျှော်လင့်ထားပါတယ်။ ထွက်ပေါ်လာမယ့် အခွင့်အလမ်းတွေမှာ အိန္ဒိယနဲ့ ဘယ်လို ပူးပါင်းပါဝင် နိုင်မလဲ။ ဒီဒေသဟာ ပုံမှန်အားဖြင့် ခြိမ်းခြောက်မှုတွေ စိန်ခေါ်မှုတွေ ပြည့်နှက်နေပါတယ်။ ဒါပေမယ့် ယမန်နှစ်ကတော့ အေဗရာဟင် သဘောတူညီချက်များ (Abraham Accords ) ကြောင့် အရှေ့အလယ်ပိုင်းဒေသမှ အများကြီး ပြောင်းလဲသွားပါတယ်။ ဒါဟာတကယ့်ကို မဟာဗျူဟာမြောက် အပြောင်းအလဲကြီးတစ်ခုပါ” ဟု ပြောကြားသည်။

ဂျိုင်ရှန်ကာ၏ ခရီးစဉ်သည် အစ္စရေးဝန်ကြီးချုပ် နာဖာတာလီဘင်နက် အစိုးရလက်ထက်တွင် အိန္ဒိယနိုင်ငံမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်သောကြောင့် စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိသည်။

အိန္ဒိယအစိုးတွင် အထူးသဖြင့် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် အစ္စရေးဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင်နေတန်ယာဟုအစိုးရနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့သည်။ ယခုခရီးစဉ်သည် အိန္ဒိယ၏ အနီးကပ်ဆုံးဖြစ်မည့် နိုင်ငံတကာ ဆက်ဆံရေးကို ဖော်ပြနေရာ ဂျိုင်ရှန်ကာနှင့် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ယယ်ရာလာပစ်တို့၏ ဆွေးနွေးမှုသည် အခြေအနေကောင်းများ ရရှိလာနိုင်သည်။

အစ္စရေးနိုင်ငံခြားရေးရာ အတွင်းဝန်အာလွန်အူဆာပစ်ဇ်က Quad အဖွဲ့မှ မည်သည့်နိုင်ငံကမှ အစ္စရေးကို ဆက်သွယ်ချည်းကပ်မလာခဲ့သော်လည်း ၎င်းတို့နှင့် ပူးပေါင်းကာ ကာကွယ်ဆေး၊ တိုးတက်လာသော နည်းပညာ၊ ရာသီတုဥပြောင်းလဲမှုနှင့် လုံခြုံရေးကိစ္စများတွင် ဆောင်ရွက်လိုကြောင်း ပြောကြားသည်။

“ဒီကိစ္စတွေမှာ တွေ့ဆုံ ဆွေးနွေးလိုပါတယ်။ အိန္ဒိယနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်လိုပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ကျွန်တော်တို့ရဲ့ တံခါးကို လာမခေါက်ဘူး” ဟုလည်း ၎င်းက ပြောကြားသည်။

နည်းပညာ၊ အချက်အလက်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆက်သွယ်ရေးကဏ္ဍများတွင်လည်း အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း အူဆာပစ်ဇ်က ပြောသည်။

အီရန်သည် မိမိတို့ ၂ နိုင်ငံစလုံးအတွက် အန္တရာယ်ရှိနေကြောင်း၊ ၎င်းနိုင်ငံသည် နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် ဆုံးဖြတ်ထားသောကြောင့် ယင်းအစီအစဉ်ကို မစွန့်လွှတ်သေးဘဲ အမြန်ဆုံး ရရှိရန် လုပ်ဆောင်လိမ့်မည်ဟု အူဆာပစ်ဇ်က ပြောသည်။

အာဖဂန်နစ္စတန်၏ လက်ရှိအခြေအနေကြောင့် ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် အိန္ဒိယအနေဖြင့် အီရန်ကို အထူးသတိထားစောင့်ကြည့်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly