အိန္ဒိယက အဆင့်မြင့်ဒရုန်းများ အသုံးပြု၍ နယ်စပ်ထိန်းချုပ်မျဉ်းတွင် လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက်နေ

အိန္ဒိယက အဆင့်မြင့်ဒရုန်းများ အသုံးပြု၍ နယ်စပ်ထိန်းချုပ်မျဉ်းတွင် လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက်နေ

အိန္ဒိယအစိုးရက တရုတ်နှင့် တိုက်ခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပွားလာပါက စစ်ရေးအရ ပြင်ဆင်မှု ပိုမိုလုပ်ဆောင်သည့် မဟာဗျူဟာ အစိတ်အပိုင်းတစ်ရပ်အဖြစ် အဝေးထိန်းလေယာဉ်နှင့် အခြားစစ်လက်နက် ပစ္စည်းများကို အသုံးပြုပြီး နယ်စပ်ထိန်းချုပ်မျဉ်း (LAC) ပေါ်ရှိ အာရူနာချယ်ပရာဒေ့ရှ်ဒေသတွင် လုံခြုံရေးကို နေ့ရောညပါ တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါအခြေအနေအား သိရှိသူများက ပြောကြားသည်။

ဂယ်လ်ဝမ်တောင်ကြားတွင် ယမန်နှစ်က တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂ နိုင်ငံအကြား တင်းမာမှု ဖြစ်ပေါ်လာချိန်တွင် အိန္ဒိယက ဗျူဟာပိုင်းအရ အားသာမှုရရှိစေရန် အခြေခံအဆောက်အအုံများကို တိုးမြှင့် လုပ်ဆောင်လာသည့်အပြင် ၃၄၀၀ ကီလိုမီတာ နီးပါး ရှည်သော LAC တစ်လျှောက်တွင် တပ်အင်အားများ ပိုမိုချထားခဲ့သည်။

အလယ်အလတ်အမြင့်တွင် အချိန်ကြာမြင့်စွာ ပျံသန်းနိုင်သည့် အစ္စရေးလုပ် Heron ဒရုန်းများကို တောင်များ ထူထပ်သည့် LAC မျဉ်းတစ်လျှောက် နေ့ရောညပါ ပျံသန်းကာ အရေးကြီးသည့် အချက်အလက်နှင့် ရုပ်ပုံများကို ကွပ်ကဲထိန်းချုပ်ရေးဌာနသို့ ပို့ပေးလျက်ရှိသည်။

အဆိုပါ ဒရုန်းများအပြင် အဆင့်မြင့် အပေါ့စား Rudra ရဟတ်ယာဉ်အမျိုးအစား၏ လက်နက်စနစ် ပေါင်းစပ်တင်ထားသော ရဟတ်ယာဉ်များကို အိန္ဒိယကြည်းတပ်၏ လေကြောင်းတပ်ဖွဲ့က အသုံးပြုပြီး ဗျူဟာအစီအစဉ်များကို ပိုမိုဆောင်ရွက်လျက်ရှိသည်။

နယ်မြေအတွင်း လေတပ်အင်အားကို တိုးချဲ့ရာတွင် ကြည်းတပ်ဖွဲ့အနေဖြင့် ၎င်းတို့၏ သီးခြားလေတပ်ဖွဲ့ကို ယခုနှစ်အတွင်း ဖွဲ့စည်းခဲ့ပြီး ပြဿနာဖြစ်ပွားနိုင်သည့် နယ်မြေအတွင်း စစ်ဆင်ရေးအတွက် ပြင်ဆင်မှုများကို တိုးမြှင့် ဆောင်ရွက်လာသည်။

ယခုအသုံးပြုထားသည့် ALH ရဟတ်ယာဉ်များသည် မြင့်မားသည့် ဒေသများတွင် နည်းလမ်းအများအပြားအတွက် အသုံးပြုနိုင်သည်။ အဆိုပါ ရဟတ်ယာဉ်များ၏ လက်နက်အဆင့်အတန်းကို အသေးစိတ်မထုတ်ပြန်ထားသော်လည်း ရန်သူများကို ရင်ဆိုင်ရာတွင် အကောင်းဆုံးနှင့် အလွန်ထိရောက်မှုလည်း ရှိကြောင်း ၎င်းတို့က ပြောကြားသည်။

အိန္ဒိယအစိုးရက အငှားစနစ်ဖြင့် အစ္စရေးနိုင်ငံမှ ဝယ်ယူထားသာ Heron TP ဒရုန်းများသည် အမြင့်ပေ ၃၅၀၀၀ တွင် ၄၅ နာရီနီးပါး ပျံသန်းနိုင်သည်။ အဆိုပါ ဒရုန်းများတွင် အလိုအလျောက် ပျံသန်းခြင်း ဆင်းသက်ခြင်း ပြုလုပ်နိုင်သည့်စနစ် (ATOL) နှင့် ပိုမိုကွာဝေးစွာ ပျံသန်းနိုင်ရန် ဂြိုဟ်တု ဆက်သွယ်ရေးစနစ် (SATCOM) များလည်း ပါရှိသည်။

အိန္ဒိယအစိုးရအနေဖြင့် အာရူနာချယ်ဒေသတွင် လမ်းများ၊ တံတားများနှင့် ရထားလမ်းများကိုလည်း မဟာဗျူဟာ လိုအပ်ချက်အရ တည်ဆောက်ကာ လုံခြုံရေးကို တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required