ရေဖြူ NLD ရုံးရှေ့ချိတ်ဆွဲထားသည့် ဦးခေါင်းပြတ်ကို ဖယ်ရှား

ရေဖြူ NLD ရုံးရှေ့ချိတ်ဆွဲထားသည့် ဦးခေါင်းပြတ်ကို ဖယ်ရှား
ဓာတ်ပုံ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDရုံးအရှေ့လူသေဦးခေါင်းအားယနေ့ဖြုတ်ချနေပုံ

အောက်တိုဘာ ၂၃

ထားဝယ်ခရိုင်၊ရေဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDရုံးအရှေ့မှာအောက်တိုဘာလ၂၂ရက် နေ့မနက်က စပြီး ချိတ်ဆွဲထားတဲ့ လူသေဦးခေါင်းနှင့်စာပြားတခုကို ယနေ့ အောက်တိုဘာ ၂၃ရက် မနက်ပိုင်းမှာ ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

ယနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ရေဖြူမြို့နယ် မြင့်မြတ် ပရဟိတအသင်းအား လူသေဦးခေါင်းကိုဖယ်ရှားပေးရန်အကူညီတောင်းခံလာတာကြောင့် ယခုလို သွားရောက်ဖြုတ်ချကာ ရေဖြူဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ပရဟိတအသင်းမှ သိရသည်။

အဆိုပါ ဦးခေါင်းကိုဖြုတ်ချနေစဉ်သွားရောက်ကြည့်ရှုသောဒေသခံတစ်ဦးက'' ဘယ်သူတွေ လာဖြုတ်မလဲ သွားကြည့်တာပါ။ လာဖြုတ်တဲ့ ပရဟိတအသင်းကလည်း အသင်းဦးဆောင်သူက ...စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးပါ၊ '' ဟု ပြောသည်။

အဆိုပါ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဦးခေါင်းဟာ မည်သူ၏ ဦးခေါင်းဆိုတာ ဘယ်သူကမှ အတည်မပြုနိုင်ပါဘူး။ ဦးခေါင်းအောက်က စာပြားပေါ်မှာတော့ ''ဒလန်ရှင်းလဲရေးအဖွဲ့က ဒလန်ကိုသုတ်သင်လိုက်ပြီ မင်းတို့ကလုပ်ပြီး မပြောရဲဘူး။ ငါတို့က ပေါ်တင်ပြောပြီးလုပ်တာ( Dawei Guerrilla Revolution Force)DGRF" ဟု ရေးသားဖော်ပြထားသည်။

သို့သော်အောက်တိုဘာ၂၂ရက်နေ့ညနေ၆နာရီမှာD.G.R.Fအဖွဲ့ဘက်မှ ယခုလိုလူမဆန်တဲ့လုပ်ရပ်မျိုးဟာ ၎င်းတို့အဖွဲ့စည်းမှ လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်းနှင့် အဖွဲ့နာမည်အသုံးချခံရတာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

DGRF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုမိုင်ကယ်က '' သူတို့လုပ်တာ ဆိုတော့ သူတို့ဖြုတ်မှ ရမွာပေါ့'' လို့ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required