မင်းတပ်စစ်ရှောင်စခန်းများတွင် ခွဲစိတ်ခန်းသုံးပစ္စည်းများ ပိုလိုအပ်လာပြီး သက်ကြီးပိုင်းနှင့်ကလေးငယ်များ အဆုတ်အအေးမိဖျားနာမှု ပိုများလာ

မင်းတပ်စစ်ရှောင်စခန်းများတွင် ခွဲစိတ်ခန်းသုံးပစ္စည်းများ ပိုလိုအပ်လာပြီး သက်ကြီးပိုင်းနှင့်ကလေးငယ်များ အဆုတ်အအေးမိဖျားနာမှု ပိုများလာ

အောက်တိုဘာ ၂၃

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် ခွဲစိတ်ခန်းသုံးပစ္စည်းများ ပို၍လိုအပ်လာပြီး ရာသီဥတုနှင့်ရိက္ခာပြတ်လပ်မှုကြောင့် သက်ကြီးပိုင်းနှင့်ကလေးငယ်များတွင် အဆုတ်အအေးမိဖျားနာမှုများ အရင်ထက်ပိုများလာကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး စီမံခန့်ခွဲမှုကော်မတီမှ တာ၀န်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်မှ စစ်ဘေးရှောင် ၁၀၀၀၀ ၀န်းကျင်နှင့် ရွာခံ ၂၀၀၀၀ ၀န်းကျင်အတွက် ရိက္ခာများလည်း လိုအပ်နေကြောင်း သိရသည်။

"အဓိကက ခွဲစိတ်ခန်းသုံးပစ္စည်း၊ပိုးသတ်ဆေး၊ထိုးဆေးတွေ၊Drip ချိတ်တဲ့ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဆရာ၀န်က ပြောတယ်။ မိုးကလဲအသားကုန်ရွာတော့ သက်ကြီးရွယ်အိုတွေ လေဖြန်းလို့ တော်တော်များများ နေမကောင်းဖြစ်နေတယ်။ စစ်ရှောင်စခန်းတွေမှာ တော်တော်များများ တွေ့လာရတာက အာဟာရမရှိကြတော့ သွေးတွင်းသကြားဓာတ်နည်းလာတော့ ဂလူးကိုစ့်လဲ လိုအပ်နေတယ် ။ ရိက္ခာပြတ်တော့ ဂလူးကိုစ့်လိုတာ အရွယ်မျိူးစုံတွေ့ရတယ်"ဟု စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးစီမံခန့်ခွဲမှုကော်မတီမှ တာ၀န်ရှိသူက ပြောသည်။

မင်းတပ်စစ်ဘေးရှောင်စခန်းများမှ တစ်ရက်လျှင် လူနာ ၃၀ မှ ၅၀ ဦး အထိရှိရာ ခွဲစိတ်လူနာအရေအတွက် ပိုများ‌နေသလို ယခု အောက်တိုဘာလအတွင်း ကိုယ်၀န်ဆောင် မွေးလူနာဦးရေ ၄၀ ဦးရေအထိ ရှိနေသဖြင့် ခွဲစိတ်သုံးပစ္စည်းနှင့်ဆေးဝါးများအဓိကလိုအပ်လျက်ရှိကြောင်း သိရသည်။

မင်းတပ်မြို့သို့ ကုန်ပစ္စည်းအ၀င်လမ်းကြောင်းပို့သည့် ပခုက္ကူနယ်စပ်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီမှ ရိက္ခာနှင့်ဆေးဝါးပစ္စည်းများ သယ်ဆောင်ခွင့်မရှိစေရန် ၅ လတာပိတ်ဆို့ထားခြင်း၊ ရွာထဲသို့ သိုလှောင်သိမ်းဆည်းထားသည့်ဆန်အိတ် ၂၀၀ ကျော်အားဖျက်ဆီးခြင်း၊ ဖွက်ထားသည့် ဆန်အိတ် ၃၀၀ ကျော်မှာ မိုးရေကြောင့် ပျက်ဆီးခြင်းများဖြစ်ပေါ်ကာ ရိက္ခာပို၍ပြတ်တောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

" ရိက္ခာပို့တဲ့လမ်းကြောင်းပိတ်လိုက်ဖွင့်လိုက်နဲ့ဆိုတော့ ခိုးကြောင်ခိုးဝှက်နဲ့ ဘယ်လိုမှသယ်မရဘူး။ ကိုယ့်နည်းကိုယ့်ဟန် ရတဲ့နည်းနဲ့ စစ်ကောင်စီတွေ မသိတဲ့နေရာကနေ ဆန်အိတ်တွေ ပုန်းလျှိူးကွယ်လျှိူး ၀ယ်ဖို့ရတဲ့နေရာကလဲ ဆန်အိတ်တစ်အိတ်ကို သုံးသောင်းခွဲမှ လေးသောင်းကျော်အထိ ဈေးတက်သွားတယ်။ စစ်ဘေးရှောင်တွေ အကုန်လိုက်ဝေဖို့ ဆန်မလုံလောက်တော့မလွယ်ဘူး။ စားနပ်ရိက္ခာ ဆေးဝါးတော်တော်ပြတ်လပ်‌နေတယ်။ အဓိကက ကူငွေအဓိကလိုအပ်တာ။ လမ်းကြောင်းပြန်ပွင့်ရင်ကျွန်တော်တို့သွား၀ယ်ပြီး အတတ်နိုင်ဆုံး‌ ဝေဖို့သွားပို့ရမယ် ။ အခုဆိုရင် လမ်းပန်းခက်ခဲလို့ ဆိုင်ကယ်မရောက်တဲ့ရွာဆို စားဖို့ဘာမှမရှိဘူး "ဟု စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး တာ၀န်ခံက ပြောသည်။

ဆေးဝါးပစ္စည်းများအပြင် ဆန်၊ဆီ၊ဆား၊ကုလားပဲစသည့် အာဟာရဖြစ်စေမည့် အခြေခံစား‌သောက်ကုန်များနှင့် ကလေးနှင့်သက်ကြီးရွယ်အိုပိုင်းအတွက် အ၀တ်အထည်များလည်း လိုအပ်နေကြောင်း သိရသည်။

စစ်ဘေးဒုက္ခသည်များအား ကူညီရန်ကူငွေများအား Mindat Township IDPs Camp Management Committee ပေ့ခ်ျနှင့် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး-သတင်းအဖွဲ့ ပေ့ခ်ျများသို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီအနေဖြင့် ခြောက်လတာကာလအတွင်း အလှူရှင်များမှ ဆန်အိတ်ပေါင်း ၃၀၀၀ ကျော် နှင့် အခြားစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား ပြန်လည်ဖြန့်ဝေပေးခဲ့ပြီး ဖြစ်သော်လည်း လုံလောက်သည့်အထိထောက်ပံ့မှု ပြုလုပ်ပေးရန် များစွာလိုအပ်နေပါသေးကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required